ဆေးဖက်ဝင်လှသောအပင် (သို့ ) ကညွှတ်ပင်အကြောင်း




ကညွှတ်
~~~~~

Asparagus officinalis L.
Family : Asparagaceae
Common names : Asparagus, or garden asparagus, folk name sparrow grass,

ကညွှတ်ကို ပေါပေါများများစားဖူးတာကတော့ မုံရွာ ရောက်မှပါ ။ ကျောက်ကာ ရွှေဂူနီ ဘုရားသွားတဲ့ ကားလမ်းနဘေးမှာ ရွာထွက်ခြံထွက် အသီးအနှံလေးတွေရောင်းတဲ့ ဆိုင်လေးတွေရှိတယ်။ မုံရွာကထွက်တဲ့ ကညွှတ်အစည်းလေးတွေလည်း ရသလို ခရမ်းသီးခြောက် လက်ပံခေါင်းခြောက် ပြောင်းဖူး ခရမ်း ခရမ်းချဉ်သီးတွေလည်းရနိုင်တယ်။ တစည်းမှ ၁၀၀၀ ကျပ်မို့ ၀ယ်စားရတာ တန်တယ် ၊ အရိုးအတုတ်မျိုးက စားလို့ ပိုကောင်းတယ်၊

ကညွှတ်ပင်ကို ယခင်က Family Liliaceae ထဲမှာဘဲထည့်ထားတာပါ၊ နောက်ပိုင်း မှာ genus characters ကြောင့် Family Asparagaceae ထဲမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ် ၊ Asparagus ဆိုတဲ့အမည်ဟာ ဂရိဘာသာစကားasparagosကနေဆင်းသက်လာဖြစ်ပြီး အဓိပ္ပါယ်က sprout or shoot “အတက် အစို့”ဖြစ်ပါတယ်။ species name ဖြစ်သော officinalis ကတော့ latin စကားစုဖြစ်ပြီး “of the dispensary” လို့ အဓိပ္ပါယ်ရစေပါတယ်၊ ဒါကို ရည်ညွှန်းပြောရလျှင် “medicinal properties of the plant” ဆေးဖက်ဝင်သော အပင်ရဲ့ ဂုဏ်သတ္တိ ဖြစ်လို့နေပါတယ်။ အပင် အမည်ကိုက ဆေးဖက်ဝင်သော အကိုင်းနုလို့ ပြောရရင် လွန်မယ်မထင်ပါဘူး။

သူ့ဟာ ထင်ရှားလှသောအပင်တပင်ဖြစ်လို့ common names တွေကလည်း များပြားလှပါတယ်၊ ထင်ရှားလှတဲ့ အမည်တွေကတော့ garden asparagus, wild asparagus, asparagus (English); asperge (French); espargo (Portuguese); espárrago, esparraguera (Spanish); oranda-kiji-kakushi (Japanese); Spargel (German) တို့ဖြစ်ကြပါတယ်။

အိမ်မှာ အလှစိုက် “ရှဉ့်မတက်” ကလည်း ကညွှတ်အနွယ်ပါဘဲ၊ Asparagus officinalis ရဲ့ မူရင်းဒေသက Europe, Northern Africa နဲ့ West Asia ကပါ၊ အခုတော့ နေရာအနှံ့  စိုက်ပျိုးလို့နေကြဘီ၊

ကညွှတ်ပင်ရဲ့ Taxonomic description လေးကို လေ့လာကြည့်ရအောင်.. ကညွှတ်ပင်ဆိုတာ နှစ်ရှည်ခံပင်ပျော့ တမျိုးပါ အပင်အမြင့်က ပေ ၃ ပေကနေ ၅ ပေ လောက်အထိမြင့်နိုင်ပါတယ်။ တုတ်ခိုင်သော ပင်စည်ရှိပြီး အလွန်ကိုင်းဖြာ သော သဘော ရှိပါတယ်။

Cladode ထူးခြားသောပင်စည်



အရွက်ကလေးတွေက အရမ်းသေးငယ်သော အကြေးခွံပုံစံ အရွက်ငယ်လေးများသာဖြစ်ပြီး သေခြာကြည့်မှသာ မြင်ကြရမှာပါ၊ အပ်ခြောင်းပုံစံ အစိမ်းရောင် အင်္ဂါလေးတွေကို အများစုက အရွက်လို့ ထင်ကြမှာပါ၊ တကယ်တော့ အဲဒီ အစိမ်းရောင် အင်္ဂါလေးတွေက အရွက်မဟုတ်ဘဲ ထူးကဲနေသော ဆစ်ကြားထီးထီး ရွက်ယောင် ပင်စည်လေးများသာဖြစ်ကြတယ်၊ ရုက္ခအခေါ် ကလပ်ဒုတ် Cladode လို့ခေါ်ပါတယ်။ တက္ကသိုလ်ဝင်တန်း Biology textထဲမှာ Modified stems ထူးကဲသောပင်စည်အနေနဲ့ သင်ကြရမှာပါ။ အစာချက်လုပ်နေသော အစိမ်းရောင် ထူးကဲပင်စည်လေးတွေလို့လည်း သတ်မှတ်နိုင်ပါတယ်၊ အဲဒီ Cladodes လေးတွေက အဆစ်တခုတိုင်းကနေ ၄ ခုကနေ ၁၅ ခု အထိ ဖြာထွက်နေပုံက နှင်းဆီပုံစံလို့တောင်ထင်ရမှာပါ၊ အဲဒီပုံစံက အိမ်မှာ အလှစိုက်တဲ့ မျိုးစုပါတူနေတဲ့ Asparagus racemosus ရှည့်မတက် ပင်နဲ့ တပုံစံထဲပါဘဲ၊

ရှဉ့် တောင်တက်မရနိုင်တာမို့ ဒီအမည်ပေးတာဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။ အမြစ် က မူခြားအမြစ်ဖြစ်ပြီး Fasciculated အစုလိုက် ထွက်ကြပါတယ်။ ပန်းပွင့်လေးတွေက ပုံမှာအတိုင်း ခေါင်းလောင်းပုံလေးတွေပါ ၊ အဖြူရောင် ကနေ အ၀ါရောင်သန်းကြပါတယ်။ ပွင့်ဖတ် ပွင့်ချပ် ခွဲခြားမရသော ပွင့်ရွက် tepals ၆ ခုပါဝင်နေပါတယ် အားလုံးကကွာပေမဲ့ အခြေမှာဆက်လို့နေကြတယ်၊ ဝတ်ဆံဖိုကလည်း ၆ ခုပါပြီး အတွင်းမှာနေပါတယ်၊ အစေ့အိမ်လေးကအမြင့်အင်္ဂါဖြစ်ပါတယ် အစေ့အိမ်ခန်း ၃ ခန်းပါပြီး တခန်းစီမှာအစေ့လောင်း၂စေ့စီပါကြတယ်၊ အများစုက အဖိုပင် သပ်သပ် အမပင်သပ်သပ် ဖြစ်သော ၂ ပင်ပေါင်းလိင်စုံကြသော dioecious types ဖြစ်ကြပေမဲ့ တခါတရံ လိင်စုံပန်းများလည်း တွေ့ရတတ်ပါသေးတယ်။ အသီးကတော့ 1 cm သာသာရှိသော့ လုံဝန်းနေသော ဘယ်ရီသီးဖြစ်ခါ ရင့်မှည့်ရင် အနီရောင် ဖြစ်လို့နေပါတယ်။ လူသားများ စားရင်တော့ အဆိပ်ရှိပါတယ်။

အသုံးဝင်လှသောအပင်



လွန်ခဲ့သော 20000BC ကတဲက အီဂျစ်လူမျိုးတွေက ကညွှတ်ကို ဟင်းသီးဟင်းရွက် Vegetable အနေနဲ့ရော ဆေးဝါး medicine အနေနဲ့စားခဲ့ကြတယ်လို့သမိုင်းကြောင်းရှိခဲ့တယ်၊ သူ့မှာနုညံ့သောအရသာနဲ့ diruetic ခေါ် ဆီးရွှင်သော သတ္တိရှိလို့စားခဲ့ကြတယ်။ ဂရိ ရောမ လူမျိုးတွေကဆိုရင် လတ်လတ်ဆပ်ဆပ် လည်းစားကြသလို ဆောင်းရာသီစားဖို့ ကညွှတ်တွေကို ကြာရှည်ခံ အောင် အံခြောက်လုပ်ပြီးစားကြတယ်၊ သူ့ကို Syria, Spain, England, Germany, France အပြင် United State အထိ စားသုံးခဲ့ကြပါတယ်။

ကညွှတ်ဆိုတာ

တကယ်တော့ ကညွှတ်ဆိုတာ နုနယ်လှသော အရွက်ပါသော အကိုင်း shoots လေးသာဖြစ်ပါတယ်။ အဲဒီအကိုင်းလေးတွေကလည်း အချိန်တို အတွင်းမှာ ရင့်မာပြီး သွားတတ်တာမို့ ခူးဆွတ်ချိန်က အရေးကြီးလှပါတယ်၊ ကညွှတ်ဖူးလေးတွေမှာ ရေဓါတ် ၉၃% ခန့်ပါဝင်ပြီး ဆိုဒီယံ နဲ့ ကယ်လိုရီပါဝင်မှု အလွန်နဲပါတယ်၊ သူ့ထဲမှာ ကယ်လစီယံ ၊ မဂနီစီယံ၊ ဇင့် နဲ့ Vitamin B 6 တို့ အဓိကပါဝင်ကြတယ်၊ ဒါ့အပြင် dietary fibre များလည်းပါဝင်ပါသေးတယ်။ ခန္ဓာကိုယ် အတွက် အရေးပါလှတဲ့ protein, beta-carotene, vitamin C, vitamin E, vitamin K, thiamin, riboflavin, rutin, niacin, folic acid, iron, phosphorus, potassium, copper, manganese , selenium တို့လည်း ပါဝင်နေပြန်သေးတယ်၊ အထူးခြားဆုံးကတော့ ကညွှတ်ထဲမှာ chromium mineralsပါဝင်နေတာပါဘဲ ၊ သူက အင်ဆူလင် ဒြပ်ပေါင်းစွမ်းရည်ကို မြှင့်တင်ပေးစေနိုင်သာ trace mineral တခုဖြစ်လို့ဖြစ်ပါတယ်၊ အင်ဆူလင် ဆိုတာ သွေးထဲက သကြားပါဝင်မှုကို ထိမ်းညှိနိုင်တာမို့ အခု minerals ပါဝင်နေတာကတော့ အလွန်ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်၊ ဒီအချက်ဟာ “ဆီးချိုသမား"တွေအတွက်အရမ်းအရေးကြီးလှပါတယ်။ အချို့ပညာရှင်များကဆီးချိုဝေဒနာရှင်များအတွက် ကညွှတ်ဟာ နောက်ဆုံးလက်နက်လို့တောင်ဆိုထားပါတယ်၊

အခုအခါမှာတော့ ကညွှတ်ကို ကမ္ဘာနေရာအနှံ့ နည်းလမ်းမျိုးစုံနဲ့စားကြသလို appetizer နှုတ်မြိန်စေသော အစာအနေနဲ့မက်မက်မောမောစားနေကြတယ်၊ ကညွှတ် ပင်စည်မှာ "antioxidants" ဂုဏ်သတ္တိရှိနေတယ်၊ အချို့လည်း ကင်ဆာပျောက်တယ်ဆိုပြီးစားကြတယ်၊ ကိုယ့်အယူအဆနဲ့ကိုယ်စားကြတာပေါ့၊ သုတေသနများအရ ကညွှတ်မှာ ပိုတက်စီယံများစွာပါနေတယ် ဒီအချက်က ခန္ဓာကိုယ်ကနေ ကယ်လစီယံဆုံးရှုံးမှုကိုရောနဲစေတယ်လို့ဆိုထားတယ်၊ ဒါ့အပြင် အစိမ်းရောင် ကညွှတ်မှာ vitamin C ပါနေသေးတယ် Vitamin C က collagin ကို ထုတ်ပေးသလို ထိမ်းသိမ်းပေးတယ်၊ collagin ဆိုတာကလည်း ခန္ဓာကိုယ်ရဲ့တွယ်ဆက် တစ်သျူးတွေအတွက်မရှိမဖြစ်အရေးပါတယ်လေ၊ အချို့ ကညွှတ်ကစားပြီးရင် ဆီးက အနံ့ထွက်တာမို့ သဘောမတွေ့ကြပါဘူး၊ "Asparagus" နှလုံးရောဂါသမား အသက်ကြီးလို့မှတ်ဥာဏ်အားနဲသူတွေစားသုံးသင့်တယ်၊ ကညွှတ်ကိုစားရင် fibre ပါတာမို့ ၀မ်းမချုပ်ဖူး၊ နောက်ပြီး laxative ၀မ်းပျော့ပျော့သွားစေတယ်..

ဆေးဖက်ဝင်လှသောအပင်



လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကညွှတ်ကို ဆေးဝင်ပင်အနေနဲ့သုံးခဲ့ကြတယ်၊ ဂရိသမားတော် Dioscorides က ကညွှတ်အမြစ်က ထုတ်ယူထားတဲ့ extracts ဟာ ဆီးနဲ့ ကျောက်ကပ် ဆိုင်ရာ ရောဂါများ၊ တင်ကြောလျှောက်နာ၊ အသဲရောင် အသားဝါရောဂါများ ကုသနိုင်ကြောင်း တင်ပြခဲ့တယ်။ ယနေ့ကာလမှာတော့ ကညွှတ်ဟာ strong diuretic ဆီး၇ွှင်ဆေးအနေနဲ့ ထင်ရှားလာသလို၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြသနာ ရောဂါများ ကုသရာမှာ အသုံးပြုလာနေပြီဖြစ်ပါတယ် ၊ အထူးသဖြင့် အမျိုးသမီးများ ဆီးအိတ်ရောင်နာ ကုသရာမှာ အလွန်ထိရောက်စေပါတယ်၊ ထို့ပြင် အဆစ်အမြစ်ယောင်ရမ်းခြင်း၊ ၀မ်းပျော့ပျော့သွားစေခြင်း၊ sedative ၊ ရိုးဆစ်နာ၊ အဆုပ်နာရောဂါ။ ချောင်းဆိုးသွေးပါ ရောဂါ များကုသရာမှာ လည်း ထိရောက်စေတယ်လို့မှတ်တမ်းများမှာ ဖတ်ရပါတယ်၊

ကညွှတ်မှာ glutathione နဲ့ စွမ်းရည်မြင့်မားလှသော Antioxidant တို့ပါဝင်ကြတယ်၊သူတို့ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ကြတယ်။ ထို့ပြင် ရောင်ရမ်းနာခြင်း inflammation ကို လျော့ကျစေရုံသာမက အသဲ၏ ကျမ်းမာရေးကို ထိမ်းသိမ်းနိုင်သော သတ္တိကိုလည်း ပိုင်ဆိုင်ပါတယ်။

ရေးရမယ်ဆိုရင် ကညွှတ်အသုံးဝင်ပုံတွေကရေးမကုန်ပါဘူး၊ ဆေးဖက်လည်းဝင် အရသာလည်းရှိတဲ့ ကညွှတ်ပင်လေးတွေပါ၊ ကညွှတ်အကြောင်းပြောရင် ကညွှတ်ကိုသီးသန့်စိုက်ပျိုးနေတဲ့ ဆရာကြီး ဦးမောင်မောင် ကို ပြေးမြင်မိတယ်၊ စိုက်ပျိုးပုံ ကျနော်မသိပါဘူး၊ ဆရာကြီးရဲ့ခြံက ကျောက်ကာရွှေကူနီ လမ်းမှာရှိပြီး ကညွှတ်ပင်တွေဖြစ်ထွန်းအောင်မြင်လို့နေတယ်၊ ဆရာကြီးရဲ့ facebook မှာ ပြည့်ပြည့်စုံစုံဖတ်ရတယ်၊ တခေါက်တော့ အလည်သွားရမှာပါ၊ အညာကိုရောက်တုံးစားရတာမို့ ရပ်ဝေးက မိတ်ဆွေများကို သတိရမိတယ်။

ဒီအတိုင်း ကြက်သွန် အဖြူအနီ ဆီသပ်ပြီး ချက်စားရင်လည်းအရသာရှိလှတယ်၊ သင်းပြန့်ပြန့် ရနံ့ထူးကလည်း ကညွှတ်ဟင်းလျာစားမှ ခံစားရတာပါ၊ စားရင်လည်း သက်တက်တက် အရသာလေးမို့ မဆိုးပါဘူး၊ ဟော်တယ်ကြီးတွေမှာ အတော်ကို ဈေးကြီးလှတဲ့ ဟင်းလျာတခုပါဘဲ၊ အသားကြိုက်တတ်ရင်တော့ ကြက်သားနဲ့ အလွန်လိုက်ဖက်လှတယ်၊ အခုလည်း ..ညစာအတွက် ..ကညွှတ်ကို ချက်ဖို့ ပြင်ရဘီလေ...ပြီးမှ ဆက်ရန်ပေါ့......


Kothet NaingOo /သက်နိုင်ဦး(မုံရွာတက္ကသိုလ်)