ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့) ဘားကြောပင် (အရပ်အခေါ် ပြည်စုတ်ရွက်)

ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့) ဘားကြောပင်
(အရပ်အခေါ် ပြည်စုတ်ရွက်)
Botany Term : Plantago major Linn
Species/Family : Plantaginaceae
အလွန်အေး၍ မြင့်မားသော တောင်ပေါ် အရပ် ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင်နှင့် အနီးတစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာဝ အလျောက် ပေါက်ရောက်၏။
ပုံသဏ္ဌာန် : အပင်---မြေ၌ ကပ်ပေါက်သည့် မိုးသက်ပင်ငယ် မျိုး ဖြစ်သည်။
အရွက်---အရွက်များ ရွက်ထိပ်ဝိုင်း သို့မဟုတ် အနည်းငယ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာရှည်သည်။ ရွက်နား ခွေးသွား စိပ်ယောင် ယောင် ရှိ၍ လှိုင်းတွန့် အနည်းငယ် ရှိသည်။ အရွက်ရိုးတံ အရွက် ရင်းကို ချိုး၍ ဆွဲကြည့်သော် ကြက်ပေါင်း စေးကဲ့သို့ လည်းကောင်း ၊ ချည်မျှင်ကလေးများ ကဲ့သို့ လည်းကောင်း သေးငယ်၍ ဖြူသော အမျှင် ကလေးများ ဖြစ်ပေါ် လာသည်။
အပွင့်--ပွင့်ညှာတံ လုံးပြီး အုန်းလက်တံ ခန့် ရှိသည်။ အလျား ၇-၈ လက်မထိ ရှည်သည်။ ပွင့်ညှာတံ ၏ ၃ ပုံ ၂ ပုံ ခန့် ထိ သေးငယ်သော အပွင့်များ စီတန်း လျက် ပွင့်သည်။ ပွင့်တံကိုင်း ၄-၇ ထိ ထွက်၏ ။ အသီး--အစေ့များ အလွန်သေးငယ် ပြီး ချွဲကပ်စေးထန် ၏ ။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ ပဉ္စငါးပါး ၊
အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အလွန်အေး၍ မြင့်မား သော တောင်ပေါ် အရပ် ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင် နှင့် အနီး တစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာဝ အလျောက် ပေါက်ရောက်၏ ။
အသုံးဝင်ပုံ : မြန်မာ ဆေးကျမ်းများ အလိုအရ အရွက်သည် အေး၏ ၊ ဆီးရွှင်စေ၏ ၊ အပင်သည် အဆစ်အဆက် ရောင်ရမ်း ကိုက်ခဲခြင်း ၊ ဝမ်းတွင်း၌ ရစ်ခြင်း ၊ နာကျင်ကိုက်ခဲခြင်း တို့ကို ပျောက်ရန် အတွင်းဆေး ၊ အပြင်ဆေး အဖြစ် သုံးနိုင်သည်။ အားတိုးဆေး အဖြစ်လည်း များစွာ အသုံးပြု ရ၏။

အသုံးပြုပုံ- အရွက်
ပျား ၊ ပဆုပ် ပနီ ၊နဂျီ စသည့် အဆိပ်ရှိ သည့် သတ္တဝါ များ တုပ်ခြင်း ကိုက်ခြင်း နှင့် အခြား အဆိပ်သင့်သော ရောဂါ များ အတွက် အရွက် အစိမ်းကို ညက်ညက် ကြိတ်၍ ကိုက်သော ဒဏ်ရာ များ ၌ လိမ်းပေးခြင်း ၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏ ။ အနာများမှ လည်းကောင်း ၊ ထိခိုက်ရှနာ သော ဒဏ်ရာများ မှလည်းကောင်း ၊ သွေးစိမ်းများ ယိုသောအခါ ၌ အထက်ပါ အတိုင်း ပြုလုပ်ပေး ခြင်းဖြင့် သွေးယိုစီးခြင်း ကို ရပ်တန့်စေ၏။
အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။
ခံတွင်း၌ ပူလောင်ပေါက်ကွဲ ခြင်း၊ အပူဖုအပူ အိတ် များ ပေါက်ခြင်း ၊ လျှာကွဲလျှာနာ ဖြစ်ခြင်း ၊ သွားကိုက်သွားနာ ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီး ကမ်းပြိုဖြစ်ခြင်းများ အတွက် အရွက်ပြုတ်ရည် ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။
အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခတ်ပေးသော် နားကိုက်နားပြည် ယို ရောဂါ ပျောက်၏။ ၎င်း ကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျား ရောဂါ အမြစ်ပြတ်၏။
အရွက်ကို ကျက်ကျက် ပြုတ်၍ တစ်နေ့ ၂ ကြိမ် မျှ ၎င်း ပြုတ်ရည် အခိုး အငွေ့ မှိုင်းခံ ခြင်း ဖြင့် မိန်းမများ မီးယပ်ဖြူ ဆင်းခြင်း ၊ ကျားမ မရွေး ညောင်းကျခြင်း ၊ လိပ်ခေါင်း ရောဂါ ဖြစ်ခြင်းနှင့် ဖောရောင်ခြင်း ပျောက်၏။
အရွက် ကို မီးကင်၍ တစ်နေ့ ၂ ကြိမ်မျှ ကပ်ပေးသော် စူးနေသော ဆူးများ အလိုအလျောက် ကျွတ်ထွက် ၏ ။ မကျက်နိုင်သော အနာ များလည်း အမြန်ကျက်၍ ပျောက်လွယ်၏။
အရွက်ပြုတ်ရည် ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ဝမ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။
ပဉ္စငါးပါး
ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။
အဆုတ်ရောဂါ အတွက် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။
အမြစ်
နာတာရှည် အဖျား ၊ ရက်ခြား ဖျား ရောဂါများအတွက် အရွက် နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။
ဘားကြောရွက်ဟင်းချို
ပဲငပိထည့် .. ရေကျအောင်တည် ထို့နောက် ၀က်ရိုးများထည့်
ကြက်သွန်ဖြူခတ် ပဲပင်ပေါက်ခတ် ဘားကြောရွက်ခတ်
ကြက်သွန်မြိတ်အနည်းငယ် လှီးထည့်
အပေါ့အငံ မြည်း၍ စားပွဲတင်ဆား အနည်းငယ်ထည့်
နှမ်းဆီမွှေး တစက် ပါရုံထည့်ကာ ဟင်ချိုအဖြစ်လည်း ပြုလုပ်စားသုံးလေ့ရှိပါသည်။
Credit --IVU Plant lover's
========
#ဖားကြောရွက်ပင် #
#အကြောတထောင်ပင်
ဆေးကျော်ကြီး Plantago major, Linn
Syn.းP. asiatica Familyမျိုးရင်း- Plantaginaceae
Habitat:ဥရောပ၊မြောက်ပိုင်းနှင့်အလယ်ပိုင်းအာရှတိုက် ပြည်တွင်း- ချင်း ပဲခူး၊မန္တလေး ကချင် မကွေးဒေသကြီးများ
ပြင်ဦးလွင်မှာ #ဖားကြောရွက်ပင်ဆိုသော အပင်ငယ်မှာ ပွားလည်းပွား
ပေါလည်းပေါလွန်းလို့ ပေါင်းပင်တမျိုးဖြစ်နေပါတယ်။
ပေါင်းရှင်းတဲ့အခါ ဆေးဘက်ဝင်တာသိလို့ မခုတ်ရက်ပဲချန်ထားမိပါတယ်။ Soil coverမြေဖုံးကာ ဖြစ်ပါတယ်။
အနာဖြစ်ရင်အုံပေး(Antibiotic actionမန်းစုပ်ရွက်)၊ အသားကြေရင်ဒဏ်ကြေဖို့အုံပေး အာ့သလောက်တော့ သိထားကြပါတယ်။
ဇနီးက နောက်ထပ်ဘာအသုံးဝင်သေးလဲ ယနေ့မေးမှ သတိရပြီး မွှေနှောက်စူးစမ်းမိပါတယ်။
အတော်ရွာလည်ပြီးမှ #ဆေးကျော်ကြီးပင်ခေါ်ကြောင်း၊ #အကြောတထောင်ပင်ခေါ်ကြောင်းသိရမှ Trace ရလာပါတယ်။ ဆေးအသုံးသိလိုသူတဦးမေးထားတာ
လည်းတွေ့ရပါတယ်။
#အတိုချုပ်ဆေးအသုံးပြုပုံက-
ဆီးချိုရွက်၊ အစေ့သည် အားတိုးအားပြည့်စေသည်။ ဝမ်းကိုက်ပျောက်သည်။ဣသဖဂူလ အစားသုံးသည်။ အရွက်အမြစ်ချုပ်၏။ အရွက်နုကိုစားနိုင်သည်။ ဖျားနာခြင်းတွင်သုံးသည်။ အတွင်းကြေနာများတွင်သုံးသည်။
( ပရဆေးပင်နှင့်ပရဆေးပစ္စည်းအဘိဓာန်၊ဦးကောင်းညွန့်၊၂၀၀၉)
အရှင်နာဂသိန်ဆရာတော်ဘုရား၏ ပုံပြအဘိဓာန်တွင်
ဖော်ပြထားသမျှကို အပြည့်အစုံပူးတွဲတင်ပြထါးပါတယ်။
(ကျွမ်းကျင်ဆရာ ၏ ကြီးကြပ်မှူမပါပဲ ဆေးမြီးတို ကြာရှည် သို့ ပမာဏများပြားစွာ စားသုံးခြင်းသည် အန္တရာယ် ရှိနိုင်ပါသည်။ ဆေးဘက်ဝင်ကြောင်းသိသာရန် ဆေးအသုံးကိုဖော်ပြခြင်းသာ ဖြစ်၍မိမိသဘောနှင့်သုံးစွဲခြင်းကို အါးမပေးပါ)
Credit to U MaungLwin
=============

သွေးတိုးရောဂါနှင့် သဘာဝဆေးဝါးများ (အကြောပေါင်းတစ်ထောင်)
***************************************
🍀 MWD: သွေးတိုးရောဂါကို ကုသရာမှာ သဘာဝဆေးဝါးအနေနဲ့ ဒီတစ်ပတ်မှာ အကြောပေါင်းတစ်ထောင်ဆိုတဲ့ အပင်အကြောင်းကိုလဲ ဆွေနွေးချင်ပါတယ်.. ပထမဆုံးအနေနဲ့ ဒီအပင်ဟာ ဘယ်လိုအပင်မျိုးလဲဆိုတာ အရင်ဆုံးပြောပြပေးပါ ဆရာ..
Dr.KML: အကြောပေါင်းတစ်ထောင်ဆိုတဲ့ အပင်ကိုတော့ ကျွန်တော်တို့မြန်မာလူမျိုးအများစု တွေ့ဖူးကြမယ်ထင်ပါတယ်..အချို့ဒေသမှာတော့ ဖားကြောရွက်လို့ခေါ်သလို တိုင်းရင်းဆေးပညာမှာတော့ ဆေးကျော်ကြီးလို့လဲ ခေါ်လေ့ရှိပါတယ်.. သူကတော့ မြေကြီးမှာကပ်ပေါက်တဲ့ အပင်ငယ်ဖြစ်ပြီး ပင်စည်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး.. မြန်မာပြည်မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အဓိက သဘာဝအလျောက် ပေါက်ရောက်ပါတယ်.. သူဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ အာရှနိုင်ငံတွေရဲ့အေးပြီးတောင်ကုန်းမြင့်ရင် ပေါက်ရောက်တာကြောင့် တစ်ကမ္ဘာလုံးမှာ တွေ့နိုင်တဲ့အပင်ဖြစ်ပါတယ်..
🍀 MWD: တစ်ကမ္ဘာလုံးမှာ တွေ့နိုင်တယ်ဆိုတော့ မျိုးကရော အတူတူပဲလားဆရာ..
Dr.KML: သူ့ကို အင်္ဂလိပ်လို Plantain လို့ခေါ်ပြီး ရုက္ခဗေဒအမည်အားဖြင့်လည်း နာမည်ခပ်ဆင်ဆင် Plantago လို့ခေါ်ပါတယ်.. Genus Plantago မှာ species 250 ရှိတော့ တစ်ကမ္ဘာလုံးပြန့်နှံ့နေတာ ဖြစ်ပါတယ်.. ဒါပေမယ့် အများဆုံးတွေ့ရတာကတော့ (၂) မျိုးပဲဖြစ်ပါတယ်.. Plantago major နဲ့ Plantago Lanceolata တို့ဖြစ်ပါတယ်.. ကျွန်တော်တို့နိုင်ငံမှာတော့ Plantago major ကိုပဲ အဓိကတွေ့ပြီး ဂျာမနီမှာတော့ Plantago Lanceolata ကိုသာ အဓိကတွေ့ရပါတယ်..
🍀 MWD: အကြောပေါင်းတစ်ထောင်ဆိုတဲ့ နာမည်လေးက အတော်ဆန်းနေတော့ ဘာဖြစ်လို့များ ဒီနာမည်ပေးတယ်ဆိုတာ သိပါရစေ..
Dr.KML: ရှေးမြန်မာပညာရှိတွေဟာ အလွန်တော်ကြပါတယ်.. နာမည်ပေးရာမှာလဲ ကြုံသလိုပေးတာမဟုတ်ဘဲ ဒီနာမည်ရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်အနှစ်သာရတွေ ပါနေလေ့ရှိပါတယ်.. အပင်ရဲ့အရွက်ကိုကြည့်ရင် အကြောငယ်လေးတွေဟာ မရေမတွက်နိုင်လောက်အောင် ဖြာသန်းနေတာတွေ့ရလို့ အကြောပေါင်းတစ်ထောင်လို့ မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်.. ဒါကတော့ မျက်မြင်အနေအထားအရ ခေါ်တာဖြစ်ပါတယ်.. ဒါတင်မကသေးပါဘူး.. ဒီအရွက်ကလေးကိုစားရင် ခန္ဓာကိုယ်မှာရှိတဲ့ အကြောအချဉ်တွေကို လျော့ပါးစေတယ်.. တင်းနေတာတွေကို လျော့နည်းစေတယ်.. ပြေပျောက်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလဲ ဆောင်ပါတယ်.. ဖားကြောရွက်လို့ အချို့ဒေသခံတွေခေါ်တာကတော့ အရွက်ဟာ ဖားရဲ့ကျောကုန်းနဲ့တူလို့ ဖြစ်ပါတယ်..
ဆေးကျော်ကြီးလို့ ခေါ်ရတဲ့အကြောင်းကလဲ ဒီဆေးဟာ အလွန်ပဲ အစွမ်းထက်တာကြောင့် တင်စားခေါ်ဝေါ်ခြင်းဖြစ်ပါတယ်..
အင်္ဂလိပ်နာမည် Plantago ဆိုတာကတော့ Latin ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး “Sole of the foot’’ စီးတဲ့ဖိနပ်အောက်ခံပြားလို့ အဓိပ္ပာယ်ရပါတယ်.. ဖိနပ်နဲ့တူတဲ့ အရွက်ပုံသဏ္ဍာန်ဖြစ်နေလို့ပဲ ဖြစ်ပါတယ်..
🍀 MWD: ဆေးဖက်ဝင်အစိတ်အပိုင်းက ဘယ်အပိုင်းပါလဲ ဆရာ..
Dr.KML: အဓိကကတော့ အရွက်ကိုသုံးပါတယ်.. တချို့ရောဂါတွေမှာတော့ အပွင့်တို့ အစေ့တို့ကို သုံးတာရှိပေမယ့် နည်းပါတယ်.. အရွက်ကို ဒီအတိုင်းအစိမ်းစားလို့ပဲဖြစ်ဖြစ်၊ ပြုတ်ပြီးအရည်သောက်လို့ပဲဖြစ်ဖြစ်၊ အနာပေါ်တိုက်ရိုက်အုံလို့ပဲဖြစ်ဖြစ် အမျိုးမျိုးအသုံးပြုကြတာ တွေ့ရပါတယ်..
🍀 MWD: အရွက်မှာ ဘယ်လိုမျိုးဆေးဖက်ဝင်အာနိသင်တွေပါသလဲဆိုတာလဲ သိပါရစေ..
Dr.KML: Phytochemistry အရ ဓာတ်ခွဲကြည့်ရင် အဓိကပါတဲ့ဆေးဖက်ဝင်အစိတ်အပိုင်းအနေနဲ့
(၁) Iridoid glycoside - သွေးတိုးကျစေတဲ့သတ္တိရှိပါတယ်
(Aucubin 0.3 – 2.05 % Catapol 0.3- 1.1 %)
(၂) Mucilage (polysaccharide) 2- 6.3 % ဆီးသွားစေတဲ့ သတ္တိရှိပါတယ်
(၃) Tannins – 6.5 %
(၄) Salici acid ->1% အရောင်ကျစေတဲ့သတ္တိရှိပါတယ်
(၅) Phenalic carboxylic acid - ရောဂါပိုးများသေစေနိုင်တဲ့အစွမ်းရှိပါတယ်
(၆) Flavanoid - အနာကျက်၊ ကင်ဆာကာကွယ်နိုင်တဲ့အစွမ်းရှိပါတယ်
(၇) Vitamins – B1,B2, B-carotene အများအပြားပါဝင်ပါတယ်.
(၈) Minerals – Zn, Mg, Ca, K
တွေ ပါဝင်ပါတယ်..
🍀 MWD: ပါဝင်တဲ့အာနိသင်တွေကတော့ အများကြီးပါလားဆရာ.. ဒီအထဲမှာ သွေးတိုးရောဂါကို အထောက်အကူပြုတဲ့ ပစ္စည်းတွေအကြောင်းလဲ အသေးစိတ်သိချင်ပါတယ်..
Dr.KML: အကြောပေါင်းတစ်ထောင်မှာပါတဲ့ ဓာတ်ပစ္စည်းတွေဟာ သွေးတိုးရောဂါကို ကုသရာမှာ များစွာအထောက်အကူပြုပါတယ်.. အချို့ဓာတ်ပစ္စည်းတွေဟာ တစ်ခုချင်းလုပ်ဆောင်တာရှိသလို အချို့လဲ စုပေါင်းဆောင်ရွက်တာမျိုးလဲ တွေ့ရပါတယ်.. ထင်ရှားတဲ့ဥပမာတချို့ကို ပြောရရင်..
(၁) Iridoid glycoside တွေဟာ စိတ်တည်ငြိမ်မှုကို ဖြစ်စေတယ်.. စိတ်ပူပန်မှုတွေ စိုးရိမ်စိတ်တွေကိုလျော့ပါးစေတယ်.. Sedative active ရှိလို့ပဲဖြစ်ပါတယ်.. ဒီတော့ ခန္ဓာကိုယ်အထဲမှာရှိတဲ့ Catecholamine လို့ခေါ်တဲ့ ဟော်မုန်းတွေ မထွက်အောင် ဟန့်တားထားမယ်.. ဒီဟော်မုန်းမထွက်အောင် ဟန့်တားခြင်းဟာ သွေးတိုးကို သက်သာစေခြင်းဖြစ်ပါတယ်.. ဒါတင်မကသေးပါဘူး.. အကြောအချဉ်တွေ ပြေပျောက်စေတယ်.. ဇက်ကြောတတ်တာ ခေါင်းကိုက်တာတွေကို ပျောက်စေတယ်.. သွေးတိုးဖြစ်ရင် တစ်ကိုယ်လုံးမှာရှိတဲ့ Smooth muscle နဲ့ Skeleton muscle တွေကတော့ တင်းနေပါတယ်.. ဒါကြောင့် သွေးကြောတွေလဲတင်းပြီး ကျဉ်းကုန်ပါတယ်.. Iridoid glycoside တွေဟာ muscle relaxant action ရှိတော့ အကြောတွေလျော့ပြီး သွေးပေါင်ကျသွားပါတယ်.. အင်မတန်မှလဲ နေလို့ကောင်းတဲ့အနေအထားကို ရောက်သွားပါတယ်..
(၂) သူ့ မှာပါတဲ့ mucilage လို့ခေါ်တဲ့ Polysaccharide တစ်မျိုးဟာ Diuretic action ရှိပါတယ်.. တနည်းအားဖြင့် ဆီးသွားစေပါတယ်.. ဒါကို ၁၉၉၂ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ဆွီဒင်နိုင်ငံက လာရောက်ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Vietnam-Swedin Hospital မှာ စမ်းသပ်တွေ့ရှိခဲ့တာဖြစ်ပါတယ်.. ဆီးသွားတော့ Blood volume လျော့သွားပြီး BP လဲကျသွားပါတယ်.. အထူးသဖြင့် အငန်တွေစားတာများရင် ဆီးပိုသွားဖို့ ပိုလိုအပ်ပါတယ်..
(၃) Cholesterol lowering effect ရှိပါတယ်.. သူ့မှာပါတဲ့ ဓာတ်ပစ္စည်းတွေဟာ သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီတွေဖြစ်တဲ့ LDL နဲ့ Triglyceride တွေကို ချပေးပါတယ်.. ဒါကိုတော့ ၁၉၇၈ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်.. သွေးတိုးဝေဒနာသည်အများစုမှာ အဆီတွေများပြီး ဒီအဆီတွေက သွေးကြောတွေကို မာစေတာကြောင့် BP မြင့်တက်ခြင်းဖြစ်ပါတယ်..
(၄) နောက်ပါဝင်တဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ Magnesium တို့ Calcium တို့ Zinc တို့ Potassium တို့ဟာလဲ BP ကျစေဖို့ ၀ိုင်းဝန်းဆောင်ရွက်ပေးပါသေးတယ်.. ဒီလိုမျိုးအကြောင်းတွေကြောင့် သွေးတိုးဝေဒနာသည်တွေဟာ အကြောပေါင်းတစ်ထောင်အရွက်ကိုသောက်ရင် များစွာအကျိုးရှိပါတယ်..
🍀 MWD: လူတွေမှာ သိပ္ပံနည်းကျ စနစ်တကျစမ်းသပ်ထားတာမျိုးတွေရော ရှိပါသလား ဆရာ..
Dr.KML: ရှိတာပေါ့.. တစ်ကမ္ဘာလုံးမှာ စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်ပြီးဖြစ်ပါတယ်.. နိုင်ငံတကာရဲ့ဆေးကျမ်းတွေမှာလဲ ဖော်ပြထားတာ တွေ့ရပါတယ်.. အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယဆေးကျမ်းတွေမှာသာမကဘဲ အနောက်နိုင်ငံတွေဖြစ်တဲ့ ဥပမာ- British Herbal Pharmacopoeia, German Pharmacopoeia, Swiss Pharmacopoeia တွေမှာ တိတိကျကျ ဖော်ပြထားတာ တွေ့ရပါတယ်..
ကျွန်တော်တို့နိုင်ငံအနေနဲ့လဲ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ကနေစမ်းသပ်ပြီး ethical committee ရဲ့ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ စမ်းသပ်ချက်အရ အကြောပေါင်းတစ်ထောင်အပင်ဟာ သွေးတိုးရောဂါကုသရာမှာ ထိရောက်မှုရှိကြောင်းတွေ့ရှိခဲ့ရပါတယ်.. side effect လဲ ဘာမှမတွေ့ခဲ့ရပါဘူး..
🍀 MWD: တစ်နေ့ကို ဘယ်လောက်သောက်ရမလဲဆိုတာ သိပါရစေဆရာ.. များသွားရင်ရော ဘာများဖြစ်နိုင်ပါသလဲ ဆရာ..
Dr.KML: Medicinal Plant အားလုံးဟာ ဆေးအချိန်အဆ ကန့်သတ်ချက်ရှိပါတယ်.. အားဆေးလိုဟာမျိုးဆိုရင် ပြဿနာမဟုတ်ပေမယ့် အခုလိုသွေးကျဆေးလိုဟာမျိုးကျတော့ အချိန်အဆနဲ့ အသုံးပြုတတ်ဖို့လိုပါတယ်..
တကယ်လိုအပ်တာက တစ်နေ့ကို 3-6 dried weight ဖြစ်ပါတယ်.. အရွက်အနေနဲ့ တစ်နေ့ကို တစ်ရွက်လောက်ဆိုလုံလောက်ပါတယ်.. ကျွန်တော်တို့ သဘာဝဆေးဖော်ထုတ်ရာမှာ အဓိကမှီငြမ်းရတဲ့ British Herbal Pharmacopoeia, German Pharmacopoeia နဲ့ Swiss Pharmacopoeia အရ အဲဒီအရွက်ထဲကနေ ဆေးဖက်ဝင်အာနိသင်ချည်းပဲ သီးခြားထုတ်မယ်ဆိုရင် 60 mgပါတဲ့ဆေးပြားလေးတွေ ရပါတယ်.. ဒါကို တစ်နေ့တစ်လုံးကနေ သုံးလုံးအထိသောက်ရင်တော့ ဆေးအချိန်အဆ တိတိကျကျ ရရှိနိုင်ပါတယ်..
🍀 MWD: ဒီအကြောပေါင်းတစ်ထောင်ပါတဲ့ဆေးကိုသောက်ရင် side effect တွေရော ရှိပါသလား ဆရာ..
Dr.KML: ဒီနေ့အထိတော့ မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးမှာ စမ်းသပ်ချက်အရ ဘာ side effect မှမတွေ့ရပါဘူး.. နိုင်ငံတကာမှာတော့ ကိုယ်ဝန်ဆောင်တွေတောင် အသုံးပြုခွင့်ပေးထားတာတွေ့ရပါတယ်.. ပြီးတော့ သူဟာ စားလို့ရတဲ့ food ဖြစ်တာကြောင့် ပိုမိုစိတ်ချယုံကြည်လို့ရပါတယ်.. ဥရောပနိုင်ငံတွေမှာဆိုရင် အရွက်ကို ဆလပ်ရွက်လို အစိမ်းစားကြတာ တွေ့ရပါတယ်..
🍀 MWD: လောလောဆယ် အနောက်တိုင်းဆေးတွေသောက်နေတဲ့ သွေးတိုးဝေဒနာရှင်တွေအနေနဲ့ရော အကြောပေါင်းတစ်ထောင်ပါတဲ့ သဘာဝဆေးတွေကို မှီဝဲလို့ရပါသလား..
Dr.KML: ရပါတယ်.. ပိုပြီးထိရောက်မှုရှိတဲ့အတွက် အနောက်တိုင်းဆေးတွေရဲ့ ဆေးအချိန်အဆကိုလျှော့ချဖို့တော့လိုပါလိမ့်မယ်.. ဒါကိုတော့ မိမိကိုကုသနေတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အသုံးပြုဖို့ တိုက်တွန်းလိုပါတယ်..
ခရက်ဒစ် MWD Health Talk