ဆေးဘက်လည်းဝင်သမုန်းပင်(သမားမုန်း)နှင့် သမုန်းဖူးသုပ်နည်း
ဆေးဘက်လည်းဝင်သမုန်းပင်(သမားမုန်း)နှင့် သမုန်းဖူးသုပ်နည်း
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
သမုန်းပင် (သမားမုန်း)
Boscia variabilis Collett& Hemsl.
Meeboldia. Variabilis (Collett& Hemsl.Pax& K.Hoffm.
Local name Thamon
Family Capparaceae
အညာမှာ သတိရစရာတွေကအများသား။ အဲဒီအထဲက သမုန်းပင်လေးတွေ ကတော့ အမှတ်တရပါဘဲ၊ သမုန်းဖူးလေးတွေက သင်္ကြန်နားနီးရင် တပင်လုံးဝေနေအောင်ဖူးကြတယ် ၊ အခုဆို သမုန်းဖူးလေးတွေ ခူးလို့ရနေဘီ၊ အရင်ကတင်ဖူးပေမဲ့ ရာသီနီးတော့ ပြန်တင်မိတယ်၊ သမုန်းက တပိုတွဲလကစပြီးပွင့်လိုက်တာ တန်ခူးလရောက်သည်အထိပါဘဲ၊ ယခင်က သမားမုန်း ခေါ်ရာကနေ သမုန်းဖြစ်လာတယ်လို့ဆိုပါတယ်၊ အပွင့်ကလည်း စိမ်းစိမ်းဆိုတော့ ပွင့်မှန်းမသိလိုက်ရဖူး၊ သမုန်းဆိုတာ အညာရဲ သင်္ကေတတခုဆိုနိုင်တယ်၊ သမုန်းဖူးသုပ်ဟာ အရသာရှိလှတယ် ရွာအမည်ပေးတာတောင် သမုန်းပင်ကို အစွဲပြုလို့ "သမုန်းကုန်းရွာ" လို့ပေးကြတယ်၊ ပူပြင်းတဲ့အညာနွေပူပူကိုသူကအန်တု နိုင်တယ်လေ၊ ငယ်ငယ်က အပင်နဲ့ ကြီးလာရင် ဖြစ်လာတဲ့ အပင်သရုပ်က လုံးလုံးမတူပါဘူး၊ ငယ်ငယ်က အရွက်ကပုံစံက သေးသေးသွယ်သွယ် အသက်လေးနဲနဲရလာတော့ linear ပုံစံကနေ elliptic oblong or oval shape ဘဲဥပုံ ဖြစ်လာဘီ၊ တပင်ထဲမှာကိုဘဲ အရွက်ပုံစံက အမျိုးမျိုးဖြစ်လို့နေတယ်၊ အဲဒါကြောင့် မျိုးစိတ်အမည်ကို variabilis လို့ပေးခဲ့တာပါ၊ သမုန်းပင်လေးတွေက ပူပြင်းသောရာသီ ကျောက်စရစ်ကုန်းမြေ တွေကိုကြိုက်ကြတယ်၊ အခြားအပင်တွေမရှင်ခြင်နေပါစေ သမုန်းပင်ကတော့ ရှင်တယ်။
ရုက္ခဗေဒမှာတော့ xerophytic plants ရေနဲခံပင်လို့ အမည်နာမသတ်မှတ်ထားတယ်၊ လွန်ခဲ့သော ၁၀ နှစ်ကျော်ကျော်က တာဝန်ကျခဲ့တဲ့ ပခုက္ကူတက္ကသိုလ်ထဲမှာ သမုန်းပင်တွေအများကြီးပါ၊ သင်္ကြန်နားနီးလို့ သမုန်းဖူးချိန်မှာ သုပ်စားကြတယ်၊သမုန်းဖူးသုပ်က အညာမြေရဲ့ ထင်ရှားလှသော အစားအစာတခုဘဲပေါ့၊ အောက်ပြည်မှာမရ အညာမှာဘဲရတတ်တဲ့ သမုန်းဖူးဖြစ်တာကြောင့် ရှားရှားပါးပါး စားရတဲ့အစာပါဘဲ၊ သမုန်းဖူးပြုတ်တွေကို ကြက်သွန်နီဖြူဆီသပ် ပြီး မြေပဲဆန် ပုဇွန်ခြောက်ထောင်းတွေနဲ့အတူ ငံပြာရည် အချိုမှုန့်ထည့်ပြီး သုတ်လိုက်ရင် အဖန်ဓာတ်လေးလည်းပါပြီး ကျမ်းမာရေးညီညွတ်သော သမုန်းဖူးသုပ်လေးရမှာပါ၊ ရောဂါအတော်များများ သုပ်စားရုံနဲ့ သက်သာစေတယ်လို့ ယုံကြည်ကြတာမို့ အစာလည်း ဆေး ဆေးလည်းအစာပါဘဲ၊ သမုန်းဥ ဆိုတာ အကိုင်းအခက်တွေမှာရှိတဲ့ ကျီးပေါင်းတမျိုးပါ သူကလည်း အရမ်းဆေးဖက်ဝင်ပါတယ်၊ ထိခိုက်ရှနာ ပွန်းပဲ့တာတွေကို ဥကို သွေးလိမ်းရင်ပျောက်တယ်၊ အဖုအကြိတ်ဝက်ခြံတွေကိုလည်း သွေးလိမ်းရင်သက်သာပါတယ်၊ ကျောက်ကာ ရွှေဂူဖြူကျောင်းရောက်တော့ ကျောင်းဝင်းထဲက သမုန်းပင်ကြီးတွေမြင်ခဲ့ရတယ်၊ လမ်းတလျှောက်လဲ အရွယ်စုံ သမုန်းပင်တွေမြင်ခဲ့ရတယ်၊ အများအားဖြင့် ထင်းခုတ်လို့ လက်မောင်းအိုးလောက် အပင်တွေဘဲရှိတော့တယ်၊ ထူးထူးခြားခြား ကြည့်ဝင်းတောင်မရောက်ခင် လူ ၂ ယောက်လောက်ဖက်မှမီနိုင်မည့် သမုန်းပင်ကြီးမြင်ရတော့ မင်သက်မိသွားတယ် ၊တကယ့်ကို အကြီးကြီးပါဘဲ တသက်နဲ့တကိုယ်ဒီတခါမြင်ဖူးတာပါ။ မယုံလို့ ဆရာတော်ပြကြည့်တော့ ဟုတ်တယ် တကာတဲ့၊ လူတွေသာ အပင်တွေ ထင်တိုင်းမခုတ်ခဲ့ရင် ဘယ်လောက်ကြီး နိုင်တာကို သူကပြနေတယ် ၊ ပင်စည်က မီးခိုးရောင်အခေါက်တွေ ပြောင်လက်နေတယ်၊ အကိုင်းတွေက ဆလင်ဒါပုံ၊ အရွက်က ရွက်လွှဲထွက်တယ် ရွက်စွယ်ရှိကြတယ်၊ ပန်းခိုင်က ထိတ်ထွက်ကြားထွက် corymbose raceme ဖြစ်ပြီး ပန်းပွင့် ၁၀ ကနေ ၂၀ အထိပါတယ်၊ ပန်းလေးတွေက အစိမ်းရောင် ရှိကြတယ် လိင်စုံပန်းလေးတွေဖြစ်ပြီး လေးချမ်းညီပြီး အချိုးလည်းညီကြတယ်၊ ပွင့်ဖတ် ၄ ခုစီသာပါသော ၄ အင်္ဂါဆ ပန်းလေးတွေဖြစ်ကြတယ်၊ အခြားပန်းများလို အရောင်လှပတဲ့ ပွင့်ချပ်က မပါရှာဖူး၊ ဒါ့ကြောင့်လည်း သမုန်းပွင့်တာ လူတွေမသိကြတာပါ့၊ ဝတ်ဆံဖို ၈ ခုကနေ ၁၅ ခုလောက်ပါပြီး အပြင်ဖက်မှာရှိပြီး ထင်ရှားလှတယ်၊ မြန်မာလိုဆိုရင် ဖိုမခြေတန်ခေါ်တဲ့ androgynophores ပါခြင်းကတော့ ဒီပန်းရဲ့ထူးခြားချက်ပါ။ အစေ့အိမ်က ကာပယ် ၂ ခုပါတယ် ဖြတ်ကြည့်ရင် အစေ့အိမ်ခန်းတခန်းသာရှိပြီး အစေ့လောင်းများစွာက နံရံကပ်နေသော ချက်တိုင် ၂ ခုကနေ ထွက်နေတာပါ၊ အသီးကတော့ လုံးဝန်းသော မအက်ကွဲတဲ့ ဘယ်ရီသီး အမျိုးနွယ်ပါ အစေ့ ၃-၄ စေ့ခန့်ပါပါတယ် ။ အရှင်နာဂသိန်ဆေးကျမ်း မှာတော့ အဖိုပင် အမပင်ရှိတယ်လို့ ရေးသားထားပါတယ် ။အမပင်က အရွက်ကြီးပြီး အဖိုရွက် က သေးသေးသွယ်သွယ်ဆိုထားပါတယ်၊ တကယ်တော့ ဆရာတော်ကြီးရေးသလို မျိုးရင်းလက္ခဏာအရတော့ အပင်က အဖိုအမ မရှိပါဘူး၊ အရွက်တွေက ခါးကြပါတယ်၊ သလိပ်ကိုနိုင်သလို ရင်ပြည့် ရင်ကြပ် အကြောတက် အကြောအောင့် အနာ အညောင်းအညာမိလို့ ကိုက်ခဲနေသူများက သမုန်းရွက်ကို ဟင်းချို ချက်သောက်ခြင်း သမုန်းရွက်ကိုသုပ်စားသင့်တယ်လို့ ဆေးကျမ်းကဆိုထားပါတယ်၊ တနေကုန် စာသင်ရတဲ့ ဆရာဆရာမတွေ ရုံဝန်ထမ်းတွေအတွက် အထူးသင့်လျော်လှတယ်။
"သမုန်းဥ" သည်ပူသည် ဒါပေသည့် ဆေးဖက်လည်းဝင်ပါတယ်၊ ခြေလက်များ အေးခြင်း၊ ဖေါယောင်ခြင်း၊ ညောင်းကိုက်ထုံကြင်ခြင်း၊ မျက်စေ့မှုံခြင်း ကိုယ်လက်လေးလံခြင်းတို့ကို ပျောက်ကင်းစေတယ်လို့လည်း ဖေါ်ပြထားပါတယ်၊ ကြည့်ဝင်းတောင်ဆရာတော်ကြီးကတော့ မျက်စေ့အောင့် မျက်စေ့နာကို သမုန်းဥ သွေးပြီးကွင်းလိမ်းရင် တကယ်ပျောက်တယ် သက်သာတယ်လို့ မိန့်ပါတယ်၊ ကျောင်းပတ်ပတ်လည်က သမုန်းပင်တွေကိုလည်းလိုက်ပြတယ်၊ "ဆရာကြည်လွင်မြင့်" မုဒြာကတော့ မျက်စေ့အေးအောင် သမုန်းဖူးသုပ်သုတ်စားကြသလို သမုန်းသားကို ခုံဖိနပ်လုပ်စီးတယ်လို့ ပြောပြပါတယ်၊ အညာဒေသမှာ ပေါများလွန်းတဲ့ သမုန်းပင်ဟာ Wikipedia လို စွယ်စုံကျမ်းကြီးမှာတောင် ပုံနဲ့တကွ ပြည့်ပြည့်စုံစုံ ဖေါ်ပြထားခြင်းမရှိသေးလို့ ဆက်လက်သုတေသနပြုသင့်သော အပင်တပင်ပါဘဲ။ အညာသားမှန်ရင် သမုန်းကို ချစ်ကြမှာပါ။
သမုန်းပင်သည် မြန်မာတိုင်းရင်းဆေး လောကတွင် သမားတော်များ မုန်းသောကြောင့် သမုန်းပင်ဟု ခေါ်ဝေါ်ကြကြောင်း မှတ်သား သိရှိရပါသည်။ သမားတော်များ ဘာကြောင့် မုန်းရသနည်း ဟူမူကား သမုန်းရွက်နုနုကို ခူးပြီး ရေနွေးဖြင့်ပြုတ်၍ သုတ်စားကြလျှင်သော်လည်းကောင်း၊ သမုန်းမြက်ကို အခြောက်လှန်းပြီး အမှုံ့ပြုလုပ်၍ ဆေးဖော်လျှင်သော်လည်းကောင်း ရောဂါကင်းဝေးပြီး ကျန်းမာကြလွန်းသောကြောင့် သမားတော်များ လူနာများကို မကုသရ ငေးမှိုင်ပြီးဘေးထိုင်နေကြရသောကြောင့် သမုန်းပင်သည် ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သလို စားသုံးရန် ဟင်းတစ်ခွက်အဖြစ်လည်းအသုံးဝင်ပါသည်။
သမုန်းရွက်နုချိန်နှင့် သမုန်းဖူး ဖူးချိန်မှာ တပို့တွဲလနှင့် တပေါင်လရာသီ အချိန်များတွင်ဖြစ်ပါသည်။ သမားမုန်းရလောက်သည့် သမုန်းပင်ကို မမြင်ဘူးသူ မိတ်ဆွေများအတွက် ဗဟုသုတအနေဖြင့် ရေးသား ယခုကဲ့သို့ ရေးသားရခြင်း ဖြစ်ပါသည်။
တောသူတောင်သားတွေအတွက် ဆေးပဒေသာပင်ကြီးပေါ့ ။
မျက်စီကျိန်းသလား သမုန်းဖုကိုဆားနဲ့သွေးကွင်းလိုက်ရင် ပျောက်
ထိခိုက်ဒဏ်ရာရသလား သမုန်းရွက် ထောင်းအုံလိုက်ပျောက်
ခံတွင်းပျက်သလား သမုန်းဖူးကို ဆားငံပြာရည်နဲ့တို့စား။
ထမင်းသုံးဇလုံလောက်အသာလေးကုန်။
ရှေးတုန်းက အဲ့အပင်ကို သမားမုန်း ပင်လို့ခေါ်ခဲ့ကြတာပေ။ါ့
သမားတော်တွေက သူတို့ဆေးထက် အဲ့အပင်ကစွမ်းနေလို့ မုန်းကြတာတဲ့။အဲဒါကြောင့် သမားမုန်းပင်ခေါ်ရာကနေ အလွယ်အခေါ်
သမုန်းပင် ဖြစ်လာတာပေါ့ ။

သမုန်းဖူးသုပ်နည်း
===========
အညာက ဧည့်သည်တွေပါလာတဲ့ အညာဒေသမှာသာ ရရှိတတ်ပြီး အောက်ပြည် အောက်ရွာမှာတော့ မရှိသလောက်ကိုရှားပါး ... အောက်ပြည်ဘက်မှာ အပင်လည်းမရှိ မပေါက်တဲ့ ...သမုန်းဖူး(သမားမုန်း) သုတ်စားကြရအောင် .....
မသုတ်ခင်လေး ပြောပြချင်တာကတော့သမုန်းဖူးကို သမားမုန်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။ဘာဖြစ်လို့ခေါ်ဝေါ်ကြသလဲဆိုတော့ သမုန်းဖူးစားရင် လူတွေဟာကျန်းမာရေးကောင်းမွန်ပြီးတော့ သမားတော်တွေဆေးကုစရာ လူမရှိရလောက်အောင်ကို သမားတော်က ဒီအပင် အရွက် အဖူးကိုမုန်းလို့ (သမားမုန်း) သမုန်းရယ်လို့ မှတ်သားဘူးပါတယ်။
သမုန်းဖူးကို တပို့တွဲ တပေါင်းလ လောက်မှာ အရွက်နုတွေ ပြန်ထွက်ပါတယ်။ တမာရွက်လိုပဲ အဖူးနဲ့အရွက် တစ်ခါထဲ ထွက်တာပါ။ အဖူးများတဲ့အပင် ကိုတော့ လူကြိုက်များပါတယ်။ သမုန်းပင် တစ်ပင် နုပြီဆိုတာနဲ့ အဖူးနဲ့အရွက်အနုကို ခူးပြီး ဆီးချဉ်သီး ဒါမှမဟုတ် မန်ကျည်းသီးမှည့် လေးထည့်ပြီး မီးဖိုပေါ်တင်ပြုတ်ပါတယ်။ အရွက်နဲ့အဖူးလေးတွေ ကျက်တော့ မီးဖိုကချ ရေအေးလေး ထည့်ပြီး စိမ်ထားယုံပါပဲ။ သူက အဖန်ဓာတ်နဲနဲပါလို့ အချဉ်နဲ့ပြုတ်ရတာပါ။သမုန်းဖူးကို ပြုတ်ပြီး မြို့ပေါ် တက်ရောင်းသူများ ရှိပါတယ်။ သူလည်းရာသီပေါ် အစားအစာ တစ်မျိုးဖြစ်တာကြောင့် သင့်တင့်တဲ့ ဈေးရပါတယ်။
ပထမ သမုန်းဖူးပြုတ်ပြီးသားကို အရိုးရင့်တာလေးတွေ ဖယ်ထုတ်သန့်စင်လိုက်ပါ ...
သန့်စင်ပြီးရင်တော့ အသုပ်သုပ်မည့်ဇလုံထဲထည့်ထားပြီး ..
ကြက်သွန်နီကို နနွင်းမှုန့်လေးနဲ့ ဆီချက်လေးချက် အဖတ်သပ်သပ် ဆီသက်သပ်ခွဲထား ...
မြေပဲဆံလေးထောင်းထား ...
ပုဇွန်ခြောက်လေးထောင်းထား ..
အားလုံးစုံရင်တော့ ကျွန်တော်သုပ်ပြနေကျ ပုံစံလေးအတိုင်း ...
အဆင်သင့်ပြုလုပ်ထားသော အစာပလာများသင့်တင့်သလိုထည့်
ငံပြာရည် ဟင်းချိုမှုန့်ထည့်ပြီး ငရုပ်သီးမှုန့်မထည့် သံပုရာရည်မထည့်ပဲ (အချဉ်ထည့်ပြုတ်ပြီးသားမို့ပါ) အချိုသုပ် သုပ်ပါမယ် ...
သုတ်ပြီးသွားရင်တော့ အဖန်ဓါတ်ကလေးလည်းပါ အချဉ်ဓါတ်လေးလဲနည်းနည်းပါပြီး ထမင်းမြိန်စေမဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ( သမားမုန်း) သမုန်းဖူးသုပ်တစ်ပွဲ ရပါပြီ။
မိတ်ဆွေသူငယ်ချင်းများသမုန်းဖူးများ တွေ့ခဲ့ ရခဲ့ရင် ..အဆင်ပြေစွာ ပြုလုပ် စားသောက်နိုင်ကြပါစေလို့ ရည်ရွယ် ဆန္ဒပြုလျှက် ...။
စစ်ကိုင်းတောင်ရိုးပေါ်မှာလည်း သမုန်းပင်တွေ ပေါများလှပါတယ်။ စစ်ကိုင်းတောင်ရိုး ဘုရားဖူးရင်း သမုန်းဖူးပေါ်ချိန်ဆို သမုန်းဖူးသုပ်များကို အသုပ်ဆိုင်များမှာ ရောင်းချတတ်ပါတယ်ခင်ဗျာ။
credit - KoThet Naing Oo