ပျားမြီးရွက်အကြောင်းသိကောင်းစရာ




*** ပျားမြီးရွက်အကြောင်းသိကောင်းစရာ ***
===========================
🍀 MWD: ဆရာရှင့်.. အခုတလော ကျွန်မတို့နိုင်ငံမှာ သွေးချို၊ ဆီးချိုဝေဒနာရှင်တွေဟာ ပျားမြီးရွက်ဆိုတဲ့ အရွက်လေးတွေစားတာ သက်သာကြတာတွေ့လို့ တစ်ယောက်စကား၊ တစ်ယောက်နားနဲ့ အတော်လေးရေပန်းစား တွင်ကျယ်လာတာ တွေ့ရပါတယ် ဆရာ.. အဲ့ဒီပျားမြီးရွက်ဆိုတာ ဘယ်လိုအပင်မျိုးကရတဲ့အရွက်ဆိုတာ အရင်ဆုံးသိပါရစေ..



Dr.KML: ပျားမြီးရွက်အပင်ကို ရုက္ခဗေဒအမည်အားဖြင့် Gynura procumbens လို့ခေါ်ပါတယ်.. Genus Gynura ထဲမှာ species (၅၀) လောက်ရှိတဲ့အနက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူဘဲ ကွဲပြားလေ့ရှိပါတယ်.. မြန်မာပြည်မှာကိုပဲ Gynura procumbens အပြင် Gynura bicolor ဆိုပြီး (၂) မျိုးရှိပါတယ်.. ဒီ (၂) ခုကို အလွယ်တကူ ခွဲခြားနိုင်ပါတယ်.. Gynura procumbens ရဲ့အရွက်ဟာ အစိမ်းရောင်တစ်မျိုးထဲသာရှိပြီး Gynura bicolor ကျတော့ နာမည်မှာပါတဲ့အတိုင်း အစိမ်းရယ် အနီရယ် (၂) ရောင်ပါနေတာ တွေ့ရပါမယ်.. သူ့ရဲ့ Native ကတော့ ကျွန်တော်တို့နိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဖြစ်ပါတယ်.. ဒါ့အပြင် တရုတ်ပြည်တောင်ပိုင်း၊ အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာလည်း သဘာဝအလျောက် တွေ့နိုင်ပါသေးတယ်..

🍀 MWD: ပျားမြီးအပင်ဟာ ရာသီအလိုက်စိုက်ရတဲ့အပင်လား.. စိုက်ပျိုးလို့ရော လွယ်ကူပါသလားဆိုတာ သိပါရစေ..



Dr.KML: မှန်ပါတယ်.. သူဟာ တစ်နှစ်ခံအပင်ဖြစ်ပြီး စိုက်ပျိုးလို့လည်း လွယ်ကူပါတယ်.. အနီးစပ်ဆုံး အပင်အနေနဲ့ ချဉ်ပေါင်ပင်နဲ့ သဘောသဘာဝ ဆင်တူပါတယ်.. သူ့ကို ကိုင်းလေးတွေထိုးပြီး ရေမ၀ပ်တဲ့မြောင်းဘောင်တွေပေါ်မှာ စတင်စိုက်ပျိုးရပါတယ်.. ရက်ပေါင်း (၆၀) လောက်ကြာရင် အပင်တွေဟာ အရွက်တွေ ဖားဖားကြီးဖြစ်ပြီး ဆွတ်ခူးလို့ရပါတယ်.. ချဉ်ပေါင်ရွက်ခူးသလို ခူးနိုင်ပါတယ်.. ကျန်တဲ့အကိုင်းတွေကနေ တစ်နှစ်ပတ်လုံး အရွက်သစ်တွေပြန်ထွက်ပါတယ်.. ဒီလိုနဲ့ (၂) လတစ်ခါ ဆွတ်ခူးပေးရင် တစ်နှစ်မှာ (၆) ကြိမ်ဆွတ်ခူးနိုင်ပါတယ်.. တစ်နှစ်သားကျော်လာရင်တော့ အပင်ဟာအိုသွားတဲ့အတွက် အရွက်ထွက်နှုန်းကျသွားပါတယ်.. ဒါ့ကြောင့် အပင်ကိုနှုတ်ပြီး ကိုင်းလေးတွေကို အနေတော် 10’’ လောက်ဖြတ်ပြီး အသစ်ပြန်စိုက်ရပါတယ်.. ဒီလိုနဲ့ အဆက်မပြတ် စိုက်သွားလို့ရပါတယ်.. သူဟာ ရေ၀ပ်တာမကြိုက်ပါဘူး.. ဒါ့ကြောင့် မြောင်ဘောင်တွေကို ခပ်မြင့်မြင့်လုပ်ပေးဖို့တော့လိုပါတယ်.. မြန်မာပြည်အနှံ့အပြားနေရာ တော်တော်များများမှာ စိုက်ပျိုးလို့ရပါတယ်.. အကြမ်းလဲခံပါတယ်.. အလင်းရောင်ရဖို့တော့ လိုအပ်ပါတယ်.. အပေါ်မှာ အပင်ကြီးတွေရှိနေရင်တော့ ကောင်းကောင်းမရှင်နိုင်ပါဘူး..



🍀 MWD: ရိုးရာတိုင်းရင်းဆေးပညာမှာ ပျားမြီးရွက်ကို အသုံးပြုကြတယ်လို့ သိရပါတယ် ဆရာ .. ဘယ်လိုမျိုးရောဂါတွေအတွက် သုံးတယ်ဆိုတာ သိပါရစေ..

Dr.KML: ကျွန်တော်တို့အရှေ့တောင်အာရှရဲ့ Traditional Medicine အတော်များများမှာ အသုံးပြုတာတွေ့ရပါတယ်.. မြန်မာနိုင်ငံအနေနဲ့တော့ သွေးချိုဆီးချိုရောဂါ (Diabetes mellitus) ကိုကုသတဲ့အခါမှာ အစွမ်းထက်တဲ့ သဘာဝဆေးဖက်ဝင်အဖြစ် လူသိများပါတယ်.. ထိုင်းနိုင်ငံမှာကျတော့ အရောင်ကျစေတဲ့ သတ္တိ (anti-inflammatory effect) ကို အများဆုံးသုံးတာတွေ့ရတဲ့အပြင် ရေယုန်ရောဂါ Herpes simplex နဲ့ Allergy လို့ခေါ်တဲ့ ဓာတ်မတည့်လို့ ယားယံခြင်းတွေမှာ သုံးတာတွေ့ရပါတယ်.. အင်ဒိုနီးရှားမှာတော့ အဖျားကျစေဖို့ (antipyretic) အနေနဲ့သုံးကြပါတယ်.. မလေးရှားမှာတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သုံးတာ တွေ့ရပါတယ်.. ခေါင်းကိုက်တာ၊ ၀မ်းချုပ်တာကစလို့ ဆီးချို၊ သွေးတိုးအလယ် ကင်ဆာရောဂါအဆုံး အများဆုံးသုံးလို့ Malaysia Herbal Monograph Vol II မှာပါ ဖော်ပြတဲ့အဆင့်အထိ ဖြစ်ပါတယ်..

🍀 MWD: ပျားမြီးရွက်မှာ ဘယ်လိုမျိုး ဓာတ်ပစ္စည်းတွေပါသလဲဆိုတာ သိပါရစေ..

Dr.KML: အဓိကပါဝင်တာ အုပ်စုကြီး (၃) ခုပါ..

(၁) Phytosterol အုပ်စုဝင်တွေဖြစ်တဲ့ sitosterol, stigmasterol နဲ့ သူတို့ကတစ်ဆင့် ထွက်ပေါ်လာတဲ့ ဒြပ်ပေါင်းတွေ အများဆုံးပါဝင်နေပါတယ်.. အဲ့ဒီဓာတ်တွေဟာ အရောင်ကျစေတဲ့သတ္တိ (Anti-inflammatory effect)၊ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့သတ္တိ (Cytotoxic effect) နဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်သော အာနိသင် (Antiviral effect) တို့ရရှိစေပါတယ်..

(၂) Phenolic compounds တွေဖြစ်တဲ့ caffeoylquinic acid, quercetin, kaempferol စတာတွေ ပါဝင်ပါတယ်.. ဒီလိုပါတဲ့အတွက် အရောင်ကျစေတဲ့သတ္တိ (Anti-inflammatory)၊ ဓာတ်မတည့်လို့ ယားယံတာတွေကို ပျောက်ကင်းစေတဲ့သတ္တိ (Anti-allergy)၊ ဗိုင်းရပ်စ်ပိုးတွေ သေစေနိုင်တဲ့သတ္တိ (Antiviral) နဲ့ အင်ဒီအောက်ဆီဒင့်အာနိသင် (Antioxidant) တို့ကိုရရှိစေပါတယ်..

(၃) တတိယအုပ်စုကြီးကတော့ Alkaloids တွေဖြစ်ပါတယ်.. ဥပမာအနေနဲ့ Gynuramine, Senecionine, Otosenine နဲ့ Intergerrimine တွေပဲဖြစ်ပါတယ်.. ဒီလိုအဓိကကျတဲ့ ဆေးဖက်ဝင်ဒြပ်ပေါင်းအုပ်စု (၃) စုအပြင် အနည်းငယ်စီပါဝင်တဲ့Terpenoid တွေ Steroid derivatives တွေအခြား Hydrocarbons တွေနဲ့ Fatty acid derivative တွေဖြစ်ပါတယ်.. အဲဒီလိုများစွာစုံလင်အောင် ပါဝင်နေလို့လည်း အစွမ်းထက်မြက်တဲ့ သဘာဝဆေးအဖြစ် လက်ခံသုံးစွဲလို့ရနေတာ ဖြစ်ပါတယ်..

🍀 MWD: ပျားမြီးရွက်ရဲ့ ဆေးဖက်ဝင်အာနိသင်တွေအကြောင်းလည်း သိပါရစေ..

Dr.KML: အဓိကအာနိသင်တွေကတော့

(၁) ဂလူးကို့စ်မော်လီကျူးတွေကို ဗီတာမင် စီ မော်လီကျူးအဖြစ် ပြောင်းလဲနိုင်ခြင်း (Conversion of glucose to ascorbic acid)
(၂) သွေးထဲမှာရှိတဲ့ ဂလူးကို့စ်သကြားဓာတ်ကို လျော့ကျစေနိုင်ခြင်း (Anti-diabetic action)
(၃) သွေးဖိအား (Blood Pressure) ကို လျော့ကျစေနိုင်ခြင်း (Antihypertensive action)
(၄) အရောင်ကျစေသောသတ္တိ (Anti-inflammatomy action) ရှိခြင်း
(၅) ဓာတ်တိုးဆန့်ကျင်သတ္တိ (Antioxidant action) ရှိခြင်း
(၆) ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်သောသတ္တိ (Antiviral) ရှိခြင်း
(၇) ကျောက်ကပ်ပျက်စီးမှုမှ ကာကွယ်ပေးခြင်း (Inhibition of human mesangial cell proliferation) တို့ဖြစ်ပါတယ်..

🍀 MWD: ဂလူးကို့စ်ကနေ ဗီတာမင် စီ ပြောင်းပေးနိုင်တယ်ဆိုတော့ သူတို့နှစ်ခုရဲ့ ဆက်စပ်ပုံလေးလည်း သိပါရစေ ဆရာ..

Dr.KML: ဂလူးကို့စ်ရဲ့ ဓာတုဗေဒဖွဲ့စည်းပုံဟာ C6 H12 O6 ဖြစ်ပြီး ဗီတာမင် စီ ရဲ့ဖွဲ့စည်းပုံဟာ C6 H8 O6 ဖြစ်ပါတယ်.. ဒီနှစ်ခုမှာ အက်တမ်သုံးခုပါဝင်တာချင်း အတူတူဖြစ်ပြီး ကာဗွန်အက်တမ် (C) နဲ့ အောက်ဆီဂျင်အက်တမ် (O) ဟာ ပါဝင်တဲ့ အရေအတွက်ကလည်း အတူတူပဲဖြစ်ပါတယ်.. ဟိုက်ဒြိုဂျင်အက်တမ် (H) ပါဝင်မှုမှာပဲ ကွဲပြားသွားတာဖြစ်ပါတယ်.. ဟိုက်ဒြိုဂျင်အက်တမ် (၁၂) ခုပါရင် ဂလူးကို့စ်ဖြစ်ပြီး (၈) ခုပါရင် ဗီတာမင် စီ လို့ လူသိများတဲ့ Ascorbic acid ဖြစ်ပါတယ်.. အပင်တွေမှာ ဗီတာမင် စီ တည်ဆောက်ရာမှာ ပထမဆုံး ဂလူးကို့စ်အဖြစ် တည်ဆောက်ရပါတယ်.. လေထဲမှာရှိတဲ့ CO2 နဲ့ မြေကြီးထဲက စုပ်ယူလို့ရတဲ့ရေ (H2O) တို့ဟာ နေရောင်ခြည်ရဲ့အကူအညီနဲ့ Photosynthesis ပြုလုပ်ပြီးရင် Glucose မော်လီကျူးတွေ ရပါတယ်..
အဲ့ဒီ Glucose မော်လီကျူးတွေကို အပင်တွေမှာ အထူးသဖြင့် Citrus fruit တွေမှာ ရှိတဲ့အင်ဇိုင်းတွေကနေ Hydrogen atom (၄) လုံးကို အဆင့်ဆင့်ဖြိုခွဲပြီး ဗီတာမင် စီ အဖြစ်ကို ပြောင်းပေးတာဖြစ်ပါတယ်.. ပျားမြီးရွက်မှာ အဲ့ဒီလိုအင်ဇိုင်းတွေပါဝင်လို့ Glucose ကနေ ဗီတာမင် စီ ပြောင်းနိုင်စွမ်းရှိတယ်လို့ ပြောရခြင်းဖြစ်ပါတယ်.. ဒါကို အလွယ်တကူ စမ်းသပ်လို့ရပါတယ်.. ဒီစမ်းသပ်မှုနဲ့ ပတ်သတ်လို့ ကျွန်တော့်ရဲ့ ဓာတ်ခွဲခန်းမှာ သွားရောက်လေ့လာ ရိုက်ကူးနိုင်ပါတယ်.. အဲ့ဒီနည်းစဉ်အတိုင်း တိရစ္ဆာန်ဖြစ်တဲ့ ကြွက်တွေမှာ စမ်းသပ်လို့ရသလို လူမှာစမ်းသပ်ရင်လည်း ဒီအတိုင်းပဲ အဖြေထွက်ပါတယ်.. ဒါ့ကြောင့် သွေးထဲမှာရှိတဲ့ glucose သကြားဓာတ်ကို ကျစေနိုင်ပါတယ်..

🍀 MWD: ပျားမြီးရွက်က သွေးထဲမှာရှိတဲ့ဂလူးကို့စ် သကြားဓာတ်ကို ကျစေနိုင်တယ်ဆိုတော့ ဆီးချိုသွေးချိုဝေဒနာရှင်တွေအတွက် အကျိုးရှိမှာပေါ့နော် ဆရာ..

Dr.KML: မှန်ပါတယ်.. ပျားမြီးရွက်ဟာ ဆီးချိုသွေးချိုဝေဒနာရှင်တိုင်း စားသုံးသင့်တဲ့ သဘာဝဆေးဖက်ဝင် အရွက်တစ်မျိုးဖြစ်ပါတယ်.. နိုင်ငံတကာ စမ်းသပ်လေ့လာချက်တွေအရရော ကျွန်တော်ရဲ့ကိုယ်ပိုင်ကုသပေးတဲ့ အတွေ့အကြုံအရပါ ပြောရရင် ဆီးချိုသွေးချိုရောဂါကို ကုသရာမှာ အင်မတန် အစွမ်းထက်တဲ့ အပင်လို့တောင် ပြောလို့ရပါတယ်.. ခုနကပြောခဲ့သလို သွေးထဲမှာ ပိုနေတဲ့ ဂလူးကို့စ်တွေကို ဗီတာမင် စီ ပြောင်းပေးနိုင်တာ တစ်ချက်ဖြစ်ပါတယ်.. နိုင်ငံတကာသုတေသနနဲ့ကြည့်ရင် စင်ကာပူနိုင်ငံမှာရှိတဲ့ NUS (National University of Singapore) လို့ခေါ်တဲ့ စင်ကာပူအမျိုးသားတက္ကသိုလ်ရဲ့ ဆေးဝါးဗေဒဌာန (Department of Pharmacology) မှာ ၂၀၀၀ ခုနှစ်က လေ့လာချက်အရ ပျားမြီးရွက်ဟာ သွေးထဲမှာ ဂလူးကို့စ်များနေအောင်ပြုလုပ်ထားတဲ့ ကြွက်တွေကို ပုံမှန်ဖြစ်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်.. ဒါ့အပြင် သွေးထဲမှာများနေတဲ့ Cholesterol နဲ့ Triglyceride ကိုပါ ချပေးနိုင်တယ်လို့ဆိုပါတယ်.. အဲ့ဒါကို Singapore Medical Journal Vol 41 အတွဲ (၁) စာမျက်နှာ (၁-၅) မှာ ၂၀၀၀ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်.. ဒါကတော့ အစောဆုံး စမ်းသပ်သုတေသနပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ အင်္ဂလန်နိုင်ငံတွေမှာ သုတေသနပြုလုပ်ချက်တွေအရ ဒီအတိုင်းပဲ အဖြေထွက်လို့ ပျားမြီးရွက်ဟာ ဆီးချို၊ သွေးချိုရောဂါကို ကုသရာမှာ များစွာအထောက်အကူပြုတယ်ဆိုတာ အတည်ပြုခဲ့ကြပါတယ်..

🍀 MWD: ဆီးချိုသွေးချိုရဲ့နောက်ဆက်တွဲဝေဒနာတွေ ခံစားနေရတဲ့သူတွေ သောက်ရင်ရော အကျိုးရှိနိုင်ပါသလား ဆရာ..

Dr.KML: အကျိုးရှိတာပေါ့.. ဆီးချိုသွေးချိုမှာ အဓိကနောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ မျက်စေ့ထိခိုက်ပျက်စီးတာ (Diabetic retinopathy) နဲ့ ပတ်သက်ပြီး အင်္ဂလန်နိုင်ငံမှာရှိတဲ့ Diabetic Control & Complication Trial (DCCT) ရဲ့ လေ့လာချက်အရ ပျားမြီးရွက်ဟာ အကျိုးရှိတယ်လို့ သိရပါတယ်.. နောက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ King’s College မှာ ၂၀၀၃ ခုနှစ်က လေ့လာတွေ့ရှိချက်အရ ဆီးချိုသွေးချိုကြောင့် ကျောက်ကပ်ပျက်စီးတဲ့ရောဂါ (Diabetic nephropathy) ကိုလည်း တိုးတက်ကောင်းမွန်စေတယ်လို့ သိရပါတယ်.. မလေးရှားနိုင်ငံမှာရှိတဲ့ University of Kebangsaan မှာ လေ့လာချက်အရ ဆီးချိုသွေးချိုရောဂါကြောင့် မျိုးပွားအင်္ဂါတွေ ထိခိုက်ပျက်စီးခြင်းကိုလည်း ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်.. ဒါ့အပြင် ၂၀၀၇ ခုနှစ် မှာ ကိုရီးယားနိုင်ငံမှာရှိတဲ့ ဆေးပညာရှင်တွေရဲ့ လေ့လာချက်အရ ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်.. ကျောက်ကပ်ပျက်စီးတဲ့ Process ကိုလည်း ရပ်တန့်စေနိုင်တယ်လို့လည်း ဆိုပါတယ်..

🍀 MWD: သွေးတိုးရောဂါမှာ အသုံးဝင်ပုံကိုလည်း သိပါရစေ..

သူဟာ သွေးပေါင်ချိန် (Blood pressure) ကို ကျစေနိုင်တဲ့သတ္တိရှိတယ်ဆိုတာ ၁၉၉၈ ခုနှစ် မှာထုတ်ဝေတဲ့ Asia Pacific Journal of Pharmacology မှာ စတင်ဖော်ပြခဲ့ပါတယ်.. ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ သွေးထဲမှာရှိတဲ့ Cholesterol ဓာတ်ကို ကျစေလို့ရယ် သွေးကြောတွေကို ကျယ်စေနိုင်တဲ့အာနိသင်ကြောင့်ရယ် ဖြစ်ပါတယ်.. သွေးကြောကျယ်စေရတဲ့ အကြောင်းကတော့ ACE inhibitory effect ကြောင့်ဖြစ်ပါတယ်.. အခုအသုံးများနေတဲ့ အနောက်တိုင်းဆေးတွေဖြစ်တဲ့ Enalepril လိုအာနိသင်မျိုးရှိတယ်.. အဲ့ဒါကို ၂၀၀၅ ခုနှစ်မှာ Official Journal of Japanese Circulation Society မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်.. ဒါ့ကြောင့် သွေးတိုးရောဂါသည်တွေဟာလည်း ပျားမြီးရွက်စားရင် အကျိုးရှိပါတယ်..

🍀 MWD: အရောင်ကျစေတဲ့ သတ္တိရှိတော့ ဘယ်လိုမျိုးရောဂါတွေမှာ အသုံးပြုနိုင်ပါသလဲ ဆရာ..

Dr.KML: အရောင်ကျစေတဲ့သတ္တိ (Anti-inflammatory action) ရှိတဲ့အတွက် ခန္ဓာကိုယ်အစိတ်အပိုင်း ဘယ်နေရာမှာပဲ ရောင်သည်ဖြစ်စေ အသုံးပြုနိုင်ပါတယ်.. အထူးသဖြင့် သွေးကြောလေးတွေရောင်ရမ်းတာ၊ ခန္ဓာကိုယ်အတွင်းကလီစာ အစိတ်အပိုင်းတွေ ရောင်ရမ်းတာတွေမှာ ထိရောက်ပါတယ်.. SLE လိုရောဂါမျိုးတွေအထိ သက်သာစေပါတယ်.. ဒါနဲ့ပတ်သက်လို့ လေ့လာဖော်ထုတ်ခဲ့တာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Mahidol University နဲ့ Australia နိုင်ငံမှာရှိတဲ့ Victorian College of Pharmacy မှာရှိတဲ့ ပညာရှင်တွေဖြစ်ပါတယ်.. သူ့ရဲ့အာနိသင်ဟာ ဒီကနေ့သုံးနေတဲ့ Hydrocortisone နဲ့ အာနိသင်နီးပါး အစွမ်းထက်တယ်လို့ ဆိုပါတယ်.. သူ့မှာ Plant steroid တွေပါဝင်နေလို့ ဒီလိုမျိုးရောင်ကျစေတဲ့ ဂုဏ်သတ္တိပေးခြင်းဖြစ်ပါတယ်..

🍀MWD: ဗိုင်းရပ်စ်ပိုးတွေ သေစေနိုင်တဲ့ အာနိသင်ကရော ဘယ်လိုမျိုးဗိုင်းရပ်ပိုးတွေနဲ့ ရောဂါတွေမှာ အသုံးဝင်ပါသလဲ ဆရာ..

Dr.KML: အဓိကအားဖြင့် ရေယုန်ရောဂါဖြစ်စေတဲ့ Herpes simplex ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တာဖြစ်ပါတယ်.. ပါးစပ်တစ်ဝိုက်မှာ ပေါက်လေ့ရှိတဲ့ ရေယုန်တွေဆိုရင် ထိရောက်စွာ ပျောက်ကင်းနိုင်ပါတယ်.. ဒါဟာလဲ သူ့မှာပါဝင်တဲ့ Phenolic compound တွေဖြစ်တဲ့ Caffeoyl quenic acid ဒြပ်ပေါင်းတွေကြောင့် ဖြစ်ပါတယ်.. ဒါပေမယ့် ဆင်ရေယုန်လို့ခေါ်တဲ့ ခါးမှာပေါက်လေ့ရှိတဲ့ရေယုန် (Herpes zoster) ကိုတော့ မနိုင်တာကို တွေ့ရပါတယ်..

🍀 MWD: ခုနက ဆရာ့ရဲ့ဆွေးနွေးချက်တွေကိုခြုံပြီး ဘယ်လိုရောဂါတွေမှာ ကုသလို့ရတယ်ဆိုတာ အကျဉ်းချုံး ပြောပေးစေချင်ပါတယ်..

Dr.KML: rကာင်းပါပြီ.. အဓိကအနေနဲ့ အသုံးပြုနိုင်တဲ့ ရောဂါတွေကတော့
(၁) ဆီးချိုရောဂါနဲ့ သူ့ရဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့ မျက်စေ့ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း
(၂) သွေးတွင်းအဆီဓာတ်များနေသူများ
(၃) သွေးတိုးရောဂါရှိသူ
(၄) ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းခြင်း (အရေပြားရောင်ရမ်းခြင်းမှအစ SLE)
(၅) ကျောက်ကပ်ပျက်စီးသော ရာဂါအမျိုးမျိုး (Chronic glomerular dieases)
တို့ ဖြစ်ပါတယ်..

🍀 MWD: သူ့ကိုစားရင် ဘယ်လောက်စားဖို့ လိုပါသလဲ..

Dr.KML: သာမန်အားဖြင့် နှစ်လသားကျော်တဲ့ ပျားမြီးရွက်ကို အနေတော် မနက်တစ်ရွက်၊ ညနေတစ်ရွက် စားပေးနိုင်ပါတယ်.. ဆေးအနေနဲ့သောက်ရင်လည်း မနက်ကို Capsule တစ်တောင့် ညနေကိုတစ်တောင့် သောက်ရပါတယ်.. ဆေးတောင့်တစ်တောင့်ဟာ ပျားမြီးရွက်တစ်ရွက်နဲ့ အကြမ်းဖျင်းအားဖြင့် တူညီနိုင်ပါတယ်..

🍀 MWD: ဘေးထွက်ဆိုးကျိုးတွေ ရှိ/မရှိ သိပါရစေ.. များများစားရင်ရော ဘာဖြစ်တတ်ပါသလဲ..

Dr.KML: ကြီးမားတဲ့ဘေးထွက်ဆိုးကျိုး မတွေ့ရပါ.. ဆေးမတည့်မှု Allergic reaction တောင် တွေ့ရတာ အတော့်ကိုနည်းပါတယ်.. ပျားမြီးရွက်ဟာ ထိုင်း၊ မလေးရှား။ အင်ဒိုနီးရှားတွေမှာ ဟင်းရွက်စိမ်းအနေနဲ့ ဆလပ်ရွက်လိုမျိုး တို့စားတဲ့ ဟင်းလျာတစ်ခုဖြစ်ပါတယ်.. ဘယ်လောက်အထိ စားနိုင်တယ်ဆိုတာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ University of Sumatra မှာလေ့လာချက်အရ 5000 mg/kg အထိ ကြွက်တွေကိုကျွေးတာတောင် ဘာမှမဖြစ်ဘူးလို့ဆိုပါတယ်.. လူမှာဆို 250 g နဲ့ညီမျှပါတယ်.. ကျွန်တော်တို့တွေ ညွှန်လေ့ရှိတဲ့ dose က တစ်နေ့မှာ 600 mg သာဖြစ်လို့ အဆပေါင်းများစွာ စားရင်တောင် ဘာမှမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်.. တစ်ခုသတိထားဖို့က အရင်တုန်းက ဆီးချိုရောဂါကုသတဲ့ဆေးတွေ အထူးသဖြင့် အနောက်တိုင်းဆေးတွေသောက်နေတဲ့ သူတွေစားရင်တော့ သွေးထဲမှာ သကြားဓာတ်တွေ လိုတာထက်ပိုပြီး ကျသွားနိုင်လို့ မိမိကိုကုသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါလိမ့်မယ်..