ဆေးဖက်ဝင်ဆင်တုံးမနွယ်

*** ဆေးဖက်ဝင်ဆင်တုံးမနွယ် ***
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
✨ MWD: ဆရာရှင့်.. ဆင်တုံးမနွယ်ဆိုတာ ဘယ်လိုအပင်မျိုးလဲဆိုတာ သိပါရစေ..

Dr.KML: ဆင်တုန်းမနွယ်ဆိုတာကတော့ နာမည်မှာပါတဲ့အတိုင်း နွယ်ပင်အမျိုးအစားဖြစ်ပါတယ်.. တခြားအပင်ကြီးတွေမှာ တွယ်ကပ်ပြီးပေါက်လေ့ရှိပါတယ်.. ရုက္ခဗေဒအခေါ်အားဖြင့် Tinospora cordifolia လို့ခေါ်ပါတယ်..
အခေါက်ကိုကြည့်ရင် အပင်နုစဉ်မှာ အစိမ်းနုရောင်ရှိပြီး ရင့်လာရင်တော့ မီးခိုးရောင်ကို ပြောင်းသွားတတ်ပါတယ်.. မီးခိုးရောင်ရင့်လေ ဆေးအာနိသင်ပိုကောင်းလေ ဖြစ်ပါတယ်.. အရွက်ကိုကြည့်ရင် ကွမ်းရွက်လိုလို ဗောဓိညောင်ရွက်လိုလို ဖြစ်ပါတယ်.. အင်္ဂလိပ်လူမျိုးတွေကတော့ အရွက်ပုံသဏ္ဍာန်လေးဟာ အသည်းပုံသင်္ကေတနဲ့တူလို့ ဒီအပင်ကို Heart-leaved moonseed လို့ ခေါ်လေ့ရှိပါတယ်.. အပွင့်ကတော့ အ၀ါရောင်ဖြစ်ပါတယ်.. အသီးသီးရင်တော့ အနီရောင်အသီးတွေ တွေ့နိုင်ပါတယ်..
✨ MWD: အချို့ကလည်း ဆင်တုံးမနွယ်ကို အမျိုးမျိုးရှိတယ်လို့ ပြောကြပါတယ် ဆရာ.. ဆေးဖက်ဝင်ပုံလဲ ကွာခြားမှုရှိတယ်လို့ဆိုကြပါတယ်.. အဲဒါလဲသိပါရစေ ဆရာ..

Dr.KML: အဓိကအားဖြင့် (၃) မျိုးရှိပါတယ်.. ပင်စည်ကိုဖြတ်လိုက်တဲ့အခါ ထွက်လာတဲ့အစေးပေါ်မူတည်ပြီး အ၀ါမျိုး၊ အဖြူမျိုးနဲ့ အနက်မျိုးဆိုပြီး ခွဲထားပါတယ်.. နောက်ပြီး ဆူး အစိပ်အကျဲပေါ်မူတည်ပြီး ခွဲထားပါသေးတယ်.. တစ်ကယ့်တကယ်ကတော့ ဆင်တုံးမနွယ်မှာ အဖိုပင်၊ အမပင်ဆိုပြီး ရှိပါတယ်.. အဖိုပင်ကတော့ ဆူးတွေ ဖုတွေများပြီး အမပင်ကတော့ ဖုတွေနည်းပါတယ်.. အလွယ်တကူပဲခွဲနိုင်ပါတယ်.. အရောင်ပေါ်မူတည်ပြီး ခွဲတာလဲ တကယ်တော့ သိပ်မမှန်ပါဘူး.. အနု၊ အရင့်ပေါ်မှာပဲ မူတည်ပါတယ်.. တစ်ပင်ထဲမှာတင် သက်တမ်းပေါ်မူတည်ပြီး အရောင်ပြောင်းပါတယ်.. နုရင် စိမ်းရမယ်.. ရင့်ရင် မီးခိုးရောင်.. ပြီးရင်မဲလာမယ်ပေါ့..
✨ MWD: ဆင်တုံးမနွယ်ရဲ့ ဘယ်အစိတ်အပိုင်းက ဆေးဖက်ဝင်တာပါလဲ ဆရာ..
Dr.KML: အဓိကကတော့ ပင်စည်ဟာ ဆေးဖက်အ၀င်ဆုံးဖြစ်ပါတယ်.. အရွက်မှာလဲ ဆေးဖက်ဝင်အာနိသင်တွေ ပါဝင်ပါတယ်.. အမြစ်ကိုသုံးမယ်ဆိုရင်လဲ ရပါတယ်.. များသောအားဖြင့်တော့ ပင်စည်ဟာ များများစားစားရနိုင်တဲ့အတွက် ဆေးဝါးဖော်စပ်ရာမှာတော့ ပင်စည်ကိုပဲသုံးလေ့ရှိကြပါတယ်..
✨ MWD: ဆင်တုံးမနွယ်မှာပါတဲ့ ဆေးဖက်ဝင်အာနိသင်ဓာတ်တွေအကြောင်းလဲ သိပါရစေ..
Dr,KML: အဓိကပါဝင်တဲ့ ဆေးဖက်ဝင်အစိတ်အပိုင်းကတော့ အခါးဓာတ်ဖြစ်တဲ့ Alkoloid တွေဖြစ်ပါတယ်.. ဒြပ်ပေါင်းအမည်တွေကတော့ Columbin, Tinosporin နဲ့ Tinosporite တို့ဖြစ်ပါတယ်.. သူတို့တွေဟာ အင်မတန်ခါးပါတယ်.. အခါးဓာတ်များလေလေ အာနိသင်ပိုထက်မြက်လေ ဖြစ်ပါတယ်.. နောက်ဒုတိယအုပ်စုကတော့ Glycoside တွေဖြစ်ပါတယ်.. သူကိုတော့ Cordefolioside A, B နဲ့ C ဆိုပြီး အမည်ပေးထားပါတယ်..
ဒီဒြပ်ပေါင်းတွေဟာ ရေမှာအလွယ်တကူပျော်နိုင်တဲ့အတွက် ဆင်တုံးမနွယ်ကို ရေနဲ့ပြုတ်ပြီး ရေကိုသောက်မယ်ဆိုရင် အာနိသင်ပြည့်ပြည့်၀၀ရမှာဖြစ်ပါတယ်..
✨ MWD: ဆင်တုံးမနွယ်ရဲ့ ဆေးဖက်ဝင်ပုံအာနိသင်အကြောင်းတွေလဲ သိချင်ပါတယ် ဆရာ..
Dr.KML:
(၁) အရောင်ကျစေသောသတ္တိရှိခြင်း
(၂) ဆီးချိုသွေးချိုရောဂါကိုသက်သာစေခြင်း
(၃) သွေးတိုးရောဂါကိုသက်သာစေခြင်း
(၄) ခန္ဓာကိုယ်ခုခံအားစနစ်ကိုကောင်းမွန်စေခြင်း
(၅) အသက်ကြီးသူများအတွက် အကောင်းဆုံးသဘာဝဆေးပင်ဖြစ်ခြင်း
တို့ ဖြစ်ပါတယ်..
✨ MWD: အရောင်ကျစေတဲ့သတ္တိနဲ့ပတ်သတ်လို့ အသေးစိတ်သိချင်ပါတယ် ဆရာ..
Dr.KML: ဆင်တုံးမနွယ်မှာပါဝင်တဲ့ Alkaloid တွေဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ဖျက်ဆီးဟန့်တားပေးနိုင်စွမ်းရှိပါတယ်.. ဒါကို ဆေးပညာအရ Anti-inflammatory action လို့ခေါ်ပါတယ်.. အဓိကအားဖြင့်တော့ အဆစ်အမြစ်ရောင်တဲ့ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်.. လေးဖက်နာအဆစ်ရောင်ရောဂါတို့၊ ဂေါက်ရောဂါကြောင့် အဆစ်ရောင်တာတို့၊ အသက်ကြီးရင်ဖြစ်တတ်တဲ့ OA လို့ခေါ်တဲ့ အရိုးတွေနာတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်..
ဒါတင်မကသေးပါဘူး.. လည်ချောင်းရောင်တာတို့၊ အာသီးရောင်တာတို့၊ သွားဖုံးရောင်တာတို့၊ ကြွက်သားတွေရောင်တာတို့ကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်..
ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလီစာတွေ ရောင်ရမ်းတာကိုလဲ သက်သာစေနိုင်ပါတယ်.. အူရောင်တာ၊ ကျောက်ကပ်ရောင်တာ၊ အသည်းရောင်အသားဝါရောဂါ၊ အဆုတ်ရောင်ရောဂါတွေကိုပါ များစွာသက်သာစေနိုင်ပါတယ်..
အထူးသဖြင့် နာတာရှည်ရောင်ရမ်းမှုတွေကို ပိုမိုထိရောက်စွာ ကောင်းမွန်စေကြောင်း တွေ့ရပါတယ်..
✨ MWD: ဆီချိုသွေးချိုရောဂါကို ဘယ်လိုများ သက်သာပျောက်ကင်းစေနိုင်တယ်ဆိုတာလဲ ပြောပြပေးပါ ဆရာ..
Dr.KML: ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ အခါးဓာတ်လို့ခေါ်တဲ့ Terpenoid နဲ့ Alkaloid တွေဟာ နေ့စဉ်အစားအစာထဲမှာ မပါတဲ့အတွက ချို့တဲ့လို့ဖြစ်ရခြင်းဟာလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်.. ဒီအခါးဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ အချိုဓာတ်ဖြစ်တဲ့ Glucose ကို ပုံမှန်အနေအထားဖြစ်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်.. ဆင်တုံးမနွယ်ကိုစားခဲ့ရင် Pancreas gland ကနေ ပုံမှန် Insulin ထွက်အောင် ပြုလုပ်ပေးတဲ့အပြင် သွေးထဲမှာရှိတဲ့ Glucose တွေကိုလည်း ပုံမှန်အသုံးပြုနိုင်အောင် ပြုလုပ်ပေးတဲ့အတွက် ဆီးချိုသွေးချိုဝေဒနာရှင်တွေဟာ ဆင်တုံးမနွယ်ကိုသာ ပုံမှန်မှီဝဲရင်ရောဂါကနေ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်..
✨ MWD: သွေးတိုးရောဂါကိုရော ဘယ်လိုများသက်သာစေပါသလဲ ဆရာ..

Dr.KML: သွေးတိုးရောဂါရှိသူတွေဟာလဲ ဆင်တုံးမနွယ်ကိုစားခဲ့ရင် များစွာအကျိုးရှိမှာဖြစ်ပါတယ်.. ဆင်တုံးမနွယ်မှာပါတဲ့ Alkaloid တွေဟာ သွေးလွှတ်ကြောလေးတွေရဲ့နံရံမှာရှိတဲ့ smooth muscle လို့ခေါ်တဲ့ ကြွက်သားလေးတွေကို relax လုပ်ပေးပါတယ်.. ဒီတော့ သွေးကြောလေးတွေကျယ်လာပြီး သွေးဖိအားလဲကျသွားပါတယ်.. သွေးကြောလေးတွေကျယ်ပြီး သွေးလှည့်ပတ်မှုကောင်းလာတဲ့အတွက် လေဖြတ်တာကနေ ကာကွယ်ပြီးသားဖြစ်ပါတယ်..
ဒါ့အပြင် ဆင်တုံးမနွယ်ဟာ နှလုံးခုန်းနှုန်းမြန်နေတဲ့လူကိုလဲ နှေးကွေးသွားအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်.. ဆီးကိုလဲပုံမှန်သွားစေတဲ့အတွက် (mild diuretic action) သွေးတိုးရောဂါကိုကုသရာမှာ များစွာအထောက်အကူပြုပါတယ်.. ဆင်တုံးမနွယ်ဟာ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်တဲ့အတွက်လည်း နှလုံးသွေးကြောတွေရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုပါသေးတယ်..
✨ MWD: ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုတာရော ဆရာ..
Dr.KML: ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်မှာ အရေးပါတဲ့ Antibody တွေ ထွက်လာအောင်လှုံ့ဆ်ာပေးပါတယ်.. အထူးသဖြင့် lg G လို့ခေါ်တဲ့ Antibody တွေထွက်စေကြောင်း ၁၉၉၇ ကစပြီး ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်.. ဒါ့အပြင် ခုခံအားစနစ်မှာအရေးပါတဲ့ သွေးဖြူဥတွေထွက်ရှိစေဖို့ကိုလည်း လှုံဆော်ပေးပါတယ်..
✨ MWD: အသက်ကြီးသူတွေအတွက် အကောင်းဆုံးသဘာဝဆေးပင် ဖြစ်တယ်ဆိုတာနဲ့ ပတ်သတ်လို့လဲ ဆက်ပြောပါအုံး ဆရာ..
Dr.KML: အသက်ကြီးသူတွေဟာ ဆေးဖက်ဝင်အပင်တွေထဲက တစ်ခုခုကိုမှီဝဲလိုတယ်ဆိုရင် ဆင်တုံးမနွယ်ဟာ အကောင်းဆုံးဖြစ်ပါတယ်..
မြန်မာစကားရှိပါတယ်.. ‘‘အသက်ကြီးလျှင်ဆင်စီးပါ” ဆိုတာပါ.. အမှန်ကတော့ တကယ့်ဆင်ကို စီးခိုင်းတာမဟုတ်ပါဘူး.. ဆင်တုံးမနွယ်ကိုမှီဝဲပါလို့ ဆိုလိုတာဖြစ်ပါတယ်.. ဆင်တုံးမနွယ်ကိုမှီဝဲရင် ဆင်လိုခွန်အားဗလနဲ့ပြည့်စုံပြီး ကျန်းမာသန်စွမ်းမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်..
ဆင်တုံးမနွယ်ကို မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာမှာ မအိုဆေး၊ မသေဆေးအဖြစ် ခေါ်ဝေါ်သုံးစွဲကြပါတယ်.. ဘယ်ဆေးကျမ်းကိုပဲကြည့်ကြည့် ဒီအတိုင်းပဲရေးထားကြတာ တွေ့ရပါတယ်.. သေဖို့အင်မတန်ခက်ခဲတဲ့ အပင်တွေထဲမှာ ဆင်တုံးမနွယ်ဟာ ထိပ်ဆုံးကဖြစ်ပါတယ်.. ဆင်တုံးမနွယ်ပင်စည် ဒါမှမဟုတ် အမြစ်ပိုင်းကိုခုတ်ပြီး အိမ်ထဲမှာထားမယ်.. နောက်အနှစ် ၅၀-၁၀၀ ကြာအောင်ထားလိုက်မယ်ဆိုရင် သစ်ကိုင်းခြောက်ကြီးလို ဖြစ်နေပြီးပေါ့.. အဲဒီသစ်ကိုင်းခြောက်ကြီးကို အစိုဓာတ်ရှိတဲ့မြေကြီးထဲ ပြန်ထိုးထည့်လိုက်ရင် အပင်ပြန်ပေါက်ပါတယ်..
ဒါကို သိပ္ပံနည်းကျလေ့လာတဲ့အခါမှာ သူ့မှာ Cell တွေကို မပျက်ဆီးအောင်ထိန်းပေးတဲ့ Enzyem system တွေ များစွာပါတာတွေ့ရပါတယ်.. ဒီ Enzyme တွေဟာ Cell ရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ DNA တွေကို မပျက်စီးအောင် ထိန်းချုပ်ပေးတဲ့အတွက် Cell တွေမပျက်စီးဘဲ အပင်ပြန်ပေါက်ခြင်းဖြစ်ပါတယ်..
ကျွန်တော်တို့လူတွေရဲ့ ခန္ဓာကိုယ်ကိုလည်း Cell တစ်ခုချင်းစီနဲ့ ဖွဲ့စည်းထားပြီး Cell တစ်ခုချင်းစီမှာလဲ DNA Structure တွေရှိပါတယ်.. အိုမင်းလာတယ်ဆိုတာ ဒီ DNA Structure တွေ တဖြည်းဖြည်းပျက်စီးလာလို့ဖြစ်ရတာပါ.. ဒီ Structure တွေကို မပျက်စီးအောင် ခိုင်ခံ့အောင်လုပ်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့အတွက် ဆင်တုံးမနွယ်ကို မအိုဆေးလို့ ရှေးကထဲက ခေါ်ခဲ့တာဖြစ်ပါတယ်..
✨ MWD: ဆင်တုံးမနွယ်ရဲ့ဆေးဖက်ဝင်ပုံတွေတော့ သိရပါပြီ ဆရာ.. တစ်နေ့ကို ဘယ်လောက်စားသင့်တယ်ဆိုတာလဲ ပြောပြပေးပါ ဆရာ..
Dr.KML: ဆင်တုံးမနွယ်ရဲ့ပင်စည် ဒါမှမဟုတ် အမြစ်ကိုခုတ်ပြီး ပါးပါးလှီးအခြောက်လှမ်းရပါမယ်.. နေရောင်မှာအခြောက်ခံလို့ရပါတယ်.. အာနိသင်မပြယ်နိုင်ပါ.. ဆေးဖက်ဝင် Alkaloid တွေဟာ ရေမှာပျော်ဝင်တာကြောင့် ဒီအခြောက်ဖက်တွေကို ရေနဲ့ပြုတ်ပြီး ပြုတ်ရေကို သောက်နိုင်ပါတယ်.. တစ်နေ့ကို 4.5 g ကနေ 9.0 g လောက်အထိ သောက်သင့်ပါတယ်.. အထူးသတိပြုဖို့ကတော့ ဆင်တုံးမနွယ်ဟာ သေသေချာချာမထားရင် Fiber ပါဝင်မှုများတဲ့အတွက် မှိုတက်တတ်ပါတယ်.. ဒါ့ကြောင့် အခုနောက်ပိုင်းမှာတော့ ခေတ်မီနည်းပညာသုံးပြီး Extraction ပြုလုပ်ပြီးမှ စားသုံးရင်တော့ အကောင်းဆုံးဖြစ်ပါတယ်..
#Tinospora
#Health