တန့်ကျွဲကြီး(ခ)ကစော့ပုပ်/ရှမ်းကစော့




"တန့်ကျွဲကြီး(ခ)ကစော့ပုပ်/ရှမ်းကစော့"

E-name---------Negro Coffee
Genus---------Cassia
Specie--------Occidentalis
Family -----------Caesalpiniaceae

ကစော့ပုပ်သည် နေရာ ဒေသမရွေး ပေါက်တတ်သော အပင်ငယ် မျိုးဖြစ်ပြီးမိုးဥတု၌ ထူးထူးခြားခြား ပေါက်တတ်သည် ။အမြစ်သေး၍ ရွက်ဆိုင်း ထွက်သည်။ ပင်လုံးမှာ တပင်လုံး အနေဖြင့်ခြုံကြည့် သော် ခပ်ဝိုင်းဝိုင်းနေ၍ အရွက်ဝိုင်း ပြီးအဖျားရှုးသွားသည်။(ဒန့်ကျွဲပင်နှင့် ပုံသဏ္ဍာန်တူယောင်ရှိသည်။)အကိုင်း များနူးညံ၍၄င်းတွင် အမွှေးနုလေးများ ရှိပြီး အပွင့်သည်ဝါယောင်သန်းလျှက် အဆုပ်အခိုင်ဖြစ်သည်။အသီးသည် ၄ လက်မမှ ၅လက်မထိရှိပြီး ခပ်ဖေါင်း ဖေါင်းနေ၍ပြားပြီး အသီးတောင့်တစ်ခု လျှင်အစေ့အရေအတွက်မှာ ၁၀မှ၂၀ အထိရှိတတ်သည်။အရောင်အသွေးအားဖြင့်အဖြူမျိုး အညိုမျိုးဟူ၍ ၂မျိုးကွဲ ပြားပြီး အရွယ်အားဖြင့် အကြီးမျိုး/အငယ်မျိုးဟူ၍ ၂မျိုးကွဲပြားပြီး ၂မျိုးစလုံး ဆေးဘက်တွင်စွမ်ရည်သတ္တိရှိကြကုန် သည်သာဖြစ်၍ ၄င်းကိုဟင်းချိုချက်စား ကြကုန်ပြီး "ကစော့ပုပ်"ဟုခေါ်ရာ၌ ကစော့ခါး~ခရမ်းကစော့ခါး မဟုတ်သည်ကိုထူးခြားစွာ သတိပြုသင့်ပါသည်။



အရသာနှင့်အကျိုး
===========
ပဉ္စငါးပါးစလုံးဆေးဖက်တွင် အသုံးဝင် ပြီးအထူးအားဖြင့် အရွက်အစေးများ အသုံးဝင်သည်။ချို၏ ခါးသက်သက် ရှိ၏ ပူသောသတ္တိရှိ၏ ကြေကျက်သော အခါစပ်၏ ထိုသို့ရသ,ဝိပါက အနေဖြင့် ဆေးကျမ်းများ၌ဖော်ပြထားပါသည်။



ဂုဏ်နှင့်စွမ်းရည်
=========
နုတ်ကိုမြိန်စေ၏ ကြေကျက်လွယ်၏ ကျင်ငယ်ကိုဖြစ်စေ၏ အားကို တိုးပွားစေ၏ လည်ချောင်းကိုသုတ်သင် တတ်၏ ချောင်းဆိုး ပန်းနာ ဝမ်းပိုက်ရောဂါ အစာမကြေရောဂါ ရေဖျင်းရောဂါ အဆိပ်သင့်ခြင်း မြင်းသရိုက်ရောဂါ ကာလသားရောဂါ တို့ကိုပျောက်ကင်းစေတတ်၏ သည်း ခြေဒေါသကြောင့်ဖြစ်သော ချောင်းဆိုး သွေးအန်ခြင်းနှင့်လွန်စွာသင့်၏ သို့ ဖြစ်၍ ၄င်းကို(ချောင်းဆိုးနိုင်ပင်)ဟု ဆေးကျမ်းတို့၌ ခေါ်၏ ဤသို့ ဂုဏပ္ပဘာဝ အနေဖြင့် ဖော်ပြထားပါသည်။



ရောဂါအလိုက်အသုံးပြုနှုန်း

ကာမသတ္တိနည်းသောအခါ ထိုကစော့ပုပ်အစေ့ ၆၅ကျပ်သားကို ယူ၍ မီးညှင်းညှင်းပေါ်တွင် လှော်ပြီးနောက် အမှုန့်ထောင်းပါ ၄င်းနောက် ထည့်သွင်းရမည့် ဆေးဖက်များမှာ ဖာလာ-၁၂ပဲသား ဆင်ပန်းကရဝေးစေ့ ၆ပဲသား သစ်ကြံပိုးခေါက် ၆ပဲသား ဇာတိပ္ဗိုလ်သီး ၃ပဲသား ဇာတိပ္ဗိုလ်ပွင့် ၃ပဲသား ချင်းခြောက် ၃ပဲသား ဘိန်းစေ့ ၃ပဲသား ကုံကုမံ ပဲဝက်သား အားလုံးစုံဆေးဘက်ကို စုပြီးလျှင် အမှုန့်ပြု၍ ၄င်းအမှုန့်ကို အမြဲမပြတ် မှီဝဲသုံးစွဲခဲ့သည်ရှိသော် လူငယ် လူလတ် လူကြီး (သို့) ပေါက်စကလေးမှ အဘိုးအိုတိုင်အောင် များစွာပင်အကျိုးရှိပါသည်။ ထိုဆေးကို မှီဝဲသူသည် ကာမဂုဏ်မှီဝဲရာ၌ အားအင်ခြောက်ခန်းခြင်းမှ ကင်းဝေး၍ နှစ်သက်ရွှင်လန်းခြင်းကိုခံစားရစေပြီးလျှင် ဝမ်းမီးကိုတောက်ပစေ၍ သုတ်သွေးများကိုသန့်စေလျှက် ကာမအားကိုလည်း တိုးပွားစေ၏ လို့လဲဆိုပါတယ်။

တနည်း၎င်းအပင်၏အမြစ်ခြောက်သည် ကာမအားကိုတိုးစေ၍အမြစ်မှုန့် ၇ပဲသားကို ပျားရည်နှင့်တေပြီးလျှင် အသုံးပြု လုပ်၍ နွားနို့နှင့်သောက် ထို့နောက်နွားနို့တခွက် ထပ်သောက်ပါလျှင် ကာမသတ္တိလွန်စွာ တောင်းတင်းခိုင်မာသည်ဟုလည်း အဆိုရှိပါသည်။



ကစော့ပုပ်၏ဆေးဖက်ဝင်ပုံ

၁။ကစော့ပုပ်၏အရွက်ကိုဟင်းချိုချက်သောက်လျင်၊အသက်ကြီးသူများ၊နာလန်ထလူနာများ၊မီးဖွားပြီးစမိန်းမများကိုအင်အားဖြစ်စေပါသည်။

၂။သွေးပုပ်၊လေပုပ်ဆီးပုပ်များအားကျဆင်းစေပါသည်။

၃။တြိဒေါသ ဟူသည့်သွေး၊ သည်းခြေ၊ သလိပ် ဖောက်ပြန်ခြင်းကို နိုင်နင်းပါသည်။

၎။ချောင်းခြောက်ဆိုးနေပါက အရွက်ကို သုံးခွက်တစ်ခွက်တင် ကျို၊ ဆားစိမ်းအနည်းငယ်ထည့်သောက်ပါကချက်ခြင်းပျောက်ပါသည်။

၅။ဆီးပူ၊ဆီးအောင့်၊ညောင်းကျခြင်းတို့ဖြစ်ပါက သုံးခွက်တစ်ခွက်တင် ကျို ပြီး လေး၊ငါးကြိမ်ခန့်သောက်ပါကချက်ခြင်းပျောက်ပါသည်။

၆။သန်၊တုတ်ကောင်များထိုးပါက ဟင်းချိုချက်သောက်ပါ။

ရ။လည်ချောင်းကွဲခြင်း၊နာခြင်းတို့ကိုလည်း ဟင်းချိုချက်သောက်ပါ။

၈။ကင်းသုံးကင်းအကိုက်ခံရခြင်း၊ပင့်ကူရှပ်ခြင်း၊ခူ၊ဘောက်ဖတ်ထိခြင်းတို့ကို ၄င်း၏အမြစ်အား ဆန်ဆေးရည်နှင့်သွေးပြီးလိမ်းပါက ချက်ခြင်းသက်သာစေ ပါသည်။

၉။ထိခိုက်သွေးထွက်သောအနာများကိုလည်း အရွက်သတ္တုရည် ထည်ပေးပါက လျင်မြန်စွာကျက်စေပါသည်။

၁၀။ပွေး၊၀ဲ၊ဂျွတ်၊ဒက်၊ယားနာများအားနံ့သာဖြူနှင့်အမြစ်ရောသွေးပြီးလိမ်းပါ။

၁၁။အမြစ် ၇ ပဲသားခန့်အားအခြောက်လှမ်း၊အမှုန့်ပြုပြီးပျားရည်နှင့်တေပြီး သောက်ပါ။ပြီးလျင်နွားနို့တစ်ခွက် ပုံမှန်သောက်ပေးပါက ပန်းသေ၊ပန်းညှိုး ရောဂါများ ပျောက်ကင်းပြီး ပုံမှန် ယောက်ျားများအတွက် အထူးအားရှိစေသည်။

၁၂။အမျိုးသမီးများ မီးယပ်ဖြူဆင်းလျင် ပဉ္စငါးပါးကိုအမှုန့်ပြုလုပ်ပြီး သွေးဆေးအေး ဖြင့်သောက်ပါ။ပဉ္စငါးပါးကို နုတ်နုတ်စင်းပြီး သုံးခွက်တစ်ခွက် ကြိုသောက်ပါကလည်းရပါသည်။

ကျမ်းကိုး---#ရှင်နာဂသိန် ပုံပြဆေးအဘိဓါန် ပဥမကျမ်း
၁။ရှုတော်မူဆေးကျမ်း-၂။ဥတုဘောဇနကျမ်း
မူရင်းပိုင်ရှင်များအား လေးစားစွာ(credit)ပေးပါတယ်ခင်ဗျာ