သင့်အနီးနားက ဆေးဘက်ဝင်ပရန္နဝါပင်

သင့်အနီးနားက ဆေးဘက်ဝင်ပရန္နဝါပင်
ပရံန္နဝါ ပင်ကိုသိကြသော်လည်း၊ ဒီအပင်ရယ်လို့ သေသေခြာခြာ ကွဲကွဲပြားပြား သိသူနဲလှသည်၊ တကယ်တန်းပြောရလျှင် ပရံန္နဝါ အပင်လေးတွေက ကိုယ့် အနီးဝန်းကျင်တွင်ရှိနေပါသည်၊ ပရံန္နဝါအပင်လေးတွေကို ပေါင်းပင်လေးတွေအဖြစ် သတ်မှတ်ထားသော်လည်း အလွန်အစွမ်းထက်လှသည့် ဘယဆေးပင်လည်းဖြစ်နေပါသေးသည်၊ ယခုလ(နိုဝင်ဘာလ)ရာသီက ပရံန္နဝါ ပန်းလေးတွေပွင့်သောလ ဖြစ်သည်မို့ အပင်လေးအကြောင်းကို ကိုးကားရေးသားဖော်ပြလိုက်ပါသည်၊
အောက်ကဒီကဗျာလေးကတော့ ငယ်ငယ်က ကျောင်းစာထဲမှာ သင်ခဲ့ဖူးတော့ မှတ်မိနေကြဦးမယ်ထင်ပါတယ်။
မေ့နေခဲ့ရင်လည်း အမှတ်တရ ပြန်ရွတ်ဖြစ်တာပေါ့။
ပရန္နဝါ
အကျွန် ကျွန်ုပ်
ယုန်တစ်ထုပ်ကို
ခွာဆုပ်ရေလန်
ကြပ်ခိုးခံ၍
ပရန္နဝါ ရွက်နုညှာကို
ဝါးပြာထည့်ကြို
အိုးနတိုနှင့်
ခပ်ချိုညစ်ထေး
ဆောင့်ကြောင့်ထိုင် မွှေလိုက်ကဲ့လေး။
ဝန်ကြီးပဒေသရာဇာ
ပရန္နဝါ
Boerhavia diffusa L.,
Boerhavia repens L.,
Boerhavia procumbens Bank.,
red spiderling,spreading hogweed, or tarvine
Family: Nyctaginaceae
(The four o'clock family .)
မနေ့ကရွာသော မိုးကြောင့်ထင်သည် ၊ တက္ကသိုလ် ထဲက အိမ်ရှေ့ လမ်းဘေးဝဲယာမှာ ပေါင်းမြက်တွေ ခေါင်းထောင်လာကြသည်၊ ထိုမြက်ပင်တွေအကြားမှာ ပရံန္နဝါ အပင်လေးတွေတွေ့ရသည်၊ သာမန် ဆိုလျှင် တော့ မမြင်ရပါ၊ ဂရုတစိုက်ကြည့်ပါမှ တွေ့နိုင်မည်ဖြစ်သည်၊ ပရံန္နဝါ အမည်နှင့် species လေးမျိုးခန့်ရှိပါသည်၊ သို့သော်လည်း ဝန်ကြီးပဒေသရာဇာ ရေးဖွဲ့ခဲ့သော ကဗျာထဲက ပရံန္နဝါ ကတော့ ယခုအပင်သာဖြစ်ပါသည်၊ ယခင်တပတ်ကတင်ပေးလိုက်သည့် ပရံန္နဝါ ပင်ထောင် Commicarpus chinensis ကတော့ မျိုးရင်း Family တူသော်လည်း မျိုးစုအမည် genus name ကွဲပြားပါသည်၊ ယခုအပင်လေးတွေက ပန်းရောင်ပန်းလေးတွေဖြစ်သော်လည်း အဖြူရောင်ပန်းလေးတွေကိုလည်း မြင်ဖူး တွေ့ခဲ့ဖူးပါသည်၊ မြန်မာ့ဆေးကျမ်းအလိုအရ ပရန္န၀ါအမျိုးမျိုး ရှိပြီး ရှေးက "ဆင်ဖြာသဲပင်"ဟု ခေါ်ဝေါ် ခဲ့ကြသည်၊ ဆေးကျမ်းအလိုအရ အဖြူမျိုး၊ အပြာမျိုး၊ အနီမျိုး ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။

မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော် ပြုစုထားသည့် ပုံပြ ဆေးအဘိဓာန်တွင် ပရံန္နဝါ အပင်၏ ဂုဏ် နှင့်စွမ်းရည်ကို ယခုကဲ့သို့ ရေးသားထားပါသည်၊
ပရံန္နဝါ တွင် ဝမ်းမီးကိုတောက်စေခြင်း။ ဝမ်းသက်စေခြင်း ။
ဆီးရွှင်စေခြင်း ။ ချွေးထွက်စေခြင်း။ သလိပ်ပယ်စေခြင်း ။
အန်စေခြင်း။ ဖောယောင်ခြင်းကို ပယ်ဖျက်တတ်သောသဘောရှိ၏။
ဆီးရောဂါကို ပယ်ဖျက်သော သတ္တိ သည် အကောင်းဆုံးဖြစ်၏။
ထို့ပြင် ရေဖျဉ်းရောဂါ။အဆုတ်ရောင်ခြင်း။အူရောင်ခြင်း။
ကိုယ်၏ အပြင်ဖက်ရောင်ခြင်း တို့တွင် အရွက်များထုထောင်း၍ ပူအောင်ပြုပြီးလျှင် စည်းပေးရ၏။
နှလုံးရောဂါ။ ချောင်းဆိုးရောဂါ၊။ရေဖျဉ်းရောဂါ။ ပေါင်များရောင်သောရောဂါ အလွန်အကျိုးရှိ၏၊
အမြစ်ကိုကြိတ်၍ သူချည်းသက်သက် (ဝါ) သံနှင့်အတူ အင်္ဂါအကြီးအငယ်များရောင်ခြင်း သွေးအားနဲသောရောဂါပေးရ၏၊
အမြစ်အမှုန့်ကို နေ့အခါ ၂ကြိမ် လဘက်ရည်တဇွန်းစာတိုက်ခဲ့သော် အနည်းငယ်ဝမ်းသက်၏ ။
အတိုင်းအတာအနဲငယ်သည် သလိပ်ထုတ်အောင်ရာတွင်အကောင်းဆုံးဖြစ်၏၊ ပန်းနာရောဂါတွင်ကောင်း၏၊ များလျှင်အန်စေ၏၊
ရေဖျဉ်းရောဂါကုရာတွင် ကျေနပ်ဖွယ်ရာဖြစ်၏၊
ဆေးအသုံးပြုပုံ
ရောဂါအသီးသီး၌ ပရန္န၀ါကို အသုံးပြုပုံကိုလည်း ယခုလို အသေးစိတ်ရေးသားထားပြန်ပါသေးသည်..
(၁)ချောင်းခြောက်ဆိုးရာ၌ ပရန္န၀ါအမြစ်ကို အမှုန့်ပြု သကြားနှင့် ရောစပ်ပြီး လျက်ပေးပါ။
(၂)ပန်းနာရောဂါ၌ ပရန္န၀ါမြစ်မှုန့် ၃ကျပ်သားနှင့် ပျားရည်စစ်စစ် ၄ပဲသား ရောပြီး ရေနွေးနှင့်စားသောက်ကြရမည်။
(၃)ဆီးအောင့်သောရောဂါ၌ ပရန္န၀ါအရွက်စိမ်းကို ငရုတ်ကောင်းနှင့်ရောပြီးကြိတ်၍ အ၀တ်နှင့်စစ် စားသောက်ရပေသည်။
(၄)ရေငတ်ရောဂါ၌ ပရန္န၀ါမြစ် ၊ရှမ်းဆေးခါး၊ ချင်းခြောက်တို့ကို သုံး ပုံတစ်ပုံ ကင်းပြုတ်ပြီး သောက်ပေးရသည်။
(၅)ရေဖျဉ်းရောဂါ၌ ပရန္န၀ါမြစ်ကို ရေစိမ်လျက် ဆိုဒါရော၍သောက်ပေးရသည်။
(၆)ဂူလုံးရောဂါ၌ ပရန္န၀ါမြစ်ကို သိန္ဓောဆားနှင့်ရောလျက်ထောပတ်
သို့မဟုတ် ပျားရည်နှင့်လျက်ပေးရသည်။
(၇)ဆီးအောင့်ရောဂါ၌ ပရန္န၀ါမြစ် သတ္တုရည်ကို နို့နှင့်ရောပြီးသောက်ပေးရသည်။
(၈)အဖု၊ အနာတို့မှ အကြောမျှင်ထွက်လျှင် ပရန္န၀ါမြစ်နှင့်ချင်းတို့ကိုရောကြိတ်ပြီး ပတ်တီးစီးပေးရသည်။
(၉)အချိန်မှန်မှန် ရက်ကြာဖျားရာ၌ ပရန္န၀ါမြစ်ကို သောက်ပေးရသည်။
(၁၀)မီးမဖွားနိုင်သော အမျိုးသမီးများ၏ ဗိုက်တွင် ပရန္န၀ါမြစ်ကိုသွေးပြီး လိမ်းပေးရသည်။
(၁၁)ဖောရောင်သောရောဂါ၌ ပရန္န၀ါမြစ် သတ္တုရည်ကိုလိမ်းပေးရသည်။
(၁၂)မျက်စိယားခြင်း၊ မျက်ရည်ယိုခြင်းတွင် ပရန္န၀ါမြစ်ကိုနို့ရည်နှင့်သွေးပြီး မျက်စဉ်း ခတ်ပေးရသည်။
(၁၃)မျက်စိမှ သွေးယိုလျှင် ပရန္န၀ါမြစ်ကို ပျားရည်နှင့်သွေးပြီးမျက်စဉ်းခတ်ပေးရသည်။
(၁၄)မျက်စိယားခြင်း၌ ပရန္န၀ါမြစ်ကို ကြိတ်မှန်ရွက်သွေးပြီး မျက်စဉ်း ခတ်ပေးရသည်။
(၁၅)မျက်စိမှုန်သောရောဂါ၌ ပရန္န၀ါမြစ်ကို ရေနှင့်သွေးပြီး မျက်စဉ်း ခတ်ပေးရသည်။
(၁၆)ပွေးနာ၊ ယားနာဖြစ်ရာ၌ ပရန္န၀ါမြစ်ကို ဒန့်ကျွဲစေ့နှင့်အတူ စားခြင်း၊ လိမ်းခြင်းပြုလုပ်ပေးရသည်။
ဖေါ်ပြခဲ့သည့်အတိုင်း ပရန္န၀ါသည် လူသားတို့၌များစွာ အပြစ် ပြုတတ်သော ဆီးရောဂါ၊ မျက်စိရောဂါ၊ သွေးညံ့၊ သွေးဆိုးရောဂါ၊ ဖေါ ရောင်တင်းခြင်းများအထိ အသုံးဝင်ကြောင်း သိနိုင်လောက်ပေသည်။

Taxonomic description
ပရံန္နဝါ အပင်သည် Species အမည် diffusa နှင့်လိုက်ဖက်စွာ မြေမှာ prostate တွားသွားသည် သို့သော်တခါတရံ 1m ခန့်မြင့်သည်အထိရှိကာ ascending ပုံစံ ပင်ထောင်ဖြစ်သည်၊ ပင်စည်က ဆလင်ဒါပုံရှိကာ divaricately branched ၂ ခွ ကိုင်းဖြာ သည်၊ အဆစ်တဆစ်မှာ အရွက် ၂ ရွက်ထွက်နေသော်လည်း ထိုအရွက် ၂ ရွက်က unequal အရွယ် မညီကြပါ၊ ဤအချက်သည် ပရံန္နဝါ ဟုတ်သည်မဟုတ်သည် စစ်ဆေးရာတွင် အလွန်အရေးပါသည်၊ ရွက်သားများပြောင်လက်သည်ဟုထင်ရသော်လည်း အရွက်ပေါ်တွင် subappressed hirsute ခေါ် အမွှေးလေးများပါတတ်သည်၊ ပန်းပွင့်လေးတွေက ပန်းရောင်သန်းကာ အလွန်သေးငယ်ကြသည်၊ ပန်းခိုင်တခိုင်မှာ အများဆုံး ၁၂ ပွင့်ခန့်သာပါသည်၊ ပန်းခိုင်က axillary or terminal cymose panicle ဖြစ်သည်၊ ပန်းပွင့်လေးများတွင်ပွင့်ညှာပါသော်လည်း အလွန်တိုသည်၊ ပွင့်ကိုင်း peduncle က ၃လက်မခန့်ရှည်တတ်သည်၊ perianth က infundibuliform ဖြစ်က အဝိုက် ၅ ခုပါသည်၊ ဝတ်ဆံဖို stamens ၃ ခုသာပါသည်၊ ပွင့်ဖတ်ထက်တိုသည်၊ အစေ့အိမ် ovary ပေါ်တွင် vicidly pubescent ခေါ်စေးကပ်သော ဂလင်းအမွှေးတွေပါသည်၊ အစေ့အိမ်ခန်းထဲတွင် အစေ့လောင်းတစေ့သာပါသည်၊ အသီးကို anthocarp ဟုခေါ်ပြီး အစင်း၅ခုထင်ရှားစွာပါသဘည်၊ အစေ့တစေ့သာပါသည် ၊ စေးကပ်သောဂလင်းများဖုံးအုပ် ထားသည်၊ ထိုဂလင်းများကြောင့် အသီးများသည် ငှက်များ သတ္တဝါများ အကျီင်္အဝတ်အစားများ အပေါ်ကပ်ပြီး မိခင်အပင် မှဝေးရာကို ပျံ့လွင့်ကြရသည်၊
တခါတလေ ကျနော်တို့တတွေ သိသလိုလို နှင့် ရောထွေးနေတတ်သည့် အပင်လေးတွေအများကြီးရှိပါသည်၊ ထိုအထဲမှ ပရံန္နဝါ အပင်လေးကတော့ မှတ်မှတ်ထင်ထင်ရှိလှပါတယ်၊ ရုက္ခဗေဒလေ့လာသင်ကြားနေသော ကျောင်းသားသူတွေကို အားကိုးတကြီးနဲ့ ပရံန္နဝါ ပင်ရှာခိုင်းရင် သိလောက်ပြီထင်ပါတယ်။