မန်မာလူမျိုးတို့ရဲ့ ရာသီစာဆေးဘက်ဝင် မဲဇလီဖူး

"တောမဲဇလီ"
မြန်မာလူမျိုးတို့ရဲ့ ရာသီစာဆေးဘက်ဝင်"မဲဇလီဖူး"
Senna siamea (Lam.) Irwin &Barneby
Cited as. Cassia siamea Lam.
Kingdom : Plantae
Family : Fabaceae
Subfamily : Caesalpinioideae
English names: Siamese cassia
Senna siamea (Thai: ขี้เหล็ก, khilek), also known as Siamese cassia, kassod tree, cassod tree and Cassia tree
တန်ဆောင်မုန်း၊ လပြည့်ညနဲ့ မဲဇလီ ဖူးသုပ်ဟာ လိုက်ဖက်လွန်းလှပါတယ်၊ အဘယ့်ကြောင့်ဆိုသော် ရှေးလူကြီးသူမများ လက်ထက် ကုန်းဘောင်ခေတ် ကတည်းက မဲဇလီဖူးတွေခူးပြီး သုပ်စားခဲ့သော အစဉ်အလာများရှိခဲ့လို့ပါဘဲ၊ တန်ဆောင်းမုန်းလပြည့်ညမှာ မြတ်စွာဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းအပါတို့အား သာမညဖလ သုတ် ဟောကြားသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်၊ မဇ္ဈိမ ဒေသမှလာသော သာရ ကောမုဒိဆေးကျမ်းအရ လပြည့်ည သန်းခေါင်းယံအချိန်မှာ ဆေးပင်အပေါင်းကို စောင့်ရှောက်သည့် နတ်အပေါင်းတို့သည် မယ်ဇလီစောင့် နတ်မင်းကြီးထံ ခစားသည်ဟုဆိုပါတယ်၊ ထိုအချိန်ဟာ မယ်ဇလီကို ဆေးဖက်ဝင်အောင် စီရင်ခြင်းအတွက် အချိန်ကောင်းတရပ် ဖြစ်ပါတယ်၊ လမင်းကြီးပြည့်ပြည့်ဝဝ ထွန်းလင်းနေသောအချိန်တွင် အရှေ့ဖက်ထွက်နေသော မဲဇလီအဖူးအပွင့် အရွက် အမြစ် အခေါက် အသီး တို့ကိုဆွတ်ခူး၍ ထိုညမှာပင် အဖူးအပွင့်အရွက်တို့ကို စားသုံးရမှာပါ၊ ကျန်အင်္ဂါများကို နေရိပ်မှာ အခြောက်လှမ်း အမှုန့်ပြု၍ နေ့စဉ်စားရမှာပါ၊ ဤသို့စားသုံးလျှင် ရုပ်ရည်အဆင်းနုပျို၍ အသက်ရှည်စေကြောင်း ဘုန်းကြီး၍ ဥာဏ်ပညာထက်မြက် ကျက်သရေ မင်္ဂလာပြည့်စုံတယ်လို့ယုံကြည်ကြတယ်၊ လပြည့်ည ၏ ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခသေ ညရဲ့ အမြင့်ဆုံး အစွမ်းအထက်ဆုံး အချိန်လို့သတ်မှတ်ပြီး မယ်ဇလီအဖူးများကို ချက်ခြင်းခူးကာ ပြုတ် သုပ်စားခြင်းဖြင့် ၉၆ပါးဝေဒနာများ ပျောက်ကင်းနိုင်သည်ဟု ယုံကြည်ကြပါတယ်။

ဆေးပေါင်းခတဲ့ညမှာ စားကြသော မဲဇလီဖူးကို ဘယ်လိုအပင်က ခူးဆွတ်ကြမလဲ?
မဲဇလီဆိုတဲ့အမည်နဲ့ အပင် ၃ မျိုးလောက်ရှိပါတယ်၊ Cassia alata ဆိုတာကို မဲဇလီကြီး သင်္ဘောမဲဇလီခေါ်ပါတယ်၊ စားလို့မရသော မယ်ဇလီကြီးဖြစ်ပါတယ်၊ Cassia mimosoides ဆိုတဲ့အပင်ကတော့ ရှမ်းပြည်ဖက်မှာတွေ့ရတတ်ပြီး စားသုံးရသောအပင်မဟုတ်ပါဘူး၊ ယခုဖော်ပြထားသော Senna siamea အပင်ကတော့ အညာတခွင် နေရာတိုင်းမှာ ပေါက်ရောက်ပြီး "တောမဲဇလီ"လို့ အမည်တွင်ပါတယ်၊ တန်ဆောင်မုန်းလပြည့်ညမှာ အဖူးကို ခူးပြီးသုတ်စားတဲ့အပင်ဟာ ဒီအပင်ဖြစ်ပါတယ်၊
Taxonomic Descriptions
တောမဲဇလီအပင်တွေဟာ အပင်ကြီးမျိုးဖြစ်တယ်၊ နုနယ်သောအကိုင်းအခက်လေးတွေမှာ အမွှေးနုလေးတွေ ဖုံးလို့ထားပါတယ်၊ အရွက်တွေက ရွက်ပေါင်းအမျိုးအစား ဖြစ်ပြီး unipinnate and paripinnate compound ရွက်မွှာစုံ တဆင့်ငှက်မွှေးရွက်ပေါင်း
ဖြစ်ပါတယ်၊ ရွက်လွှဲထွက်ပြီး အကြွေမြန်သော ရွက်စွယ် caducous stipules ပါရှိပါတယ်၊ ရွက်မွှာ leaflets လေးများက အစုံ ၆ ကနေ ၉ စုံအထိ ပါပါတယ်၊ ရွက်မွှာကလေးများဟာ မာတောင့်သောလက္ခဏာ subcoriaceous ရှိပါတယ်၊ ရွက်မွှာလေးရဲ့ထိပ်ဖျားဟာ retuse or cuspidate ဖြစ်ပါတယ်၊ အကယ်၍များ ချွန်မြနေသောပုံစံဖြစ်ခဲ့ရင် တောမဲဇလီမဟုတ်ပါဘူး၊ ပန်းခိုင် ကတော့ terminal, axillary corymbose panicle ထိပ်ထွက်ကြားထွက် ရင်းခြားထိပ်ညီ ပန်းခိုင်ဖြစ်ပါတယ်၊ ပန်းပွင့်တွေက အဝါရောင် လိင်စုံ bisexual ၊ ၂ ချမ်းညီ zygomorphic၊ အထက်တည်မ hypogynous ၊ ၅ အင်္ဂါဆ pentamerous ပန်းများဖြစ်ပါတယ်၊ မညီညာသော ပွင့်ဖတ် ၅ sepals ခုပါပြီး စိမ်းဝါရောင်သန်းပါတယ်၊ ထို့အတူ တောက်ပသော အဝါရောင် ပွင့်ချပ် petals အရေအတွက်ကလည်း ၅ ခုပါပြီး အတွင်းဖက်တခုက အရွယ်ငယ်ပါတယ်၊ ဝတ်ဆံဖို stamens ၁၀ ခုပါပါတယ်၊ ၇ ခုက သန္ဓေအောင်နိုင်သော fertile stamens ဖြစ်ပြီး ၃ ခုကတော့ မြုံနေသော sterile stamens ဖြစ်ကြတယ်၊ အောင်မြင်သော ၇ ခုကလည်းမညီကြပါဘူး ၄ ခုရှည် ၃ ခုတိုပါတယ်၊ ဒီလက္ခဏာက Senna genus ရဲ့ထင်ရှားသောလက္ခဏာတခုဖြစ်ပါတယ်၊အခြားသော မျိုးရင်းဝင် အပင်တွေနဲ့ မတူသောအချက်မှာ ရင့်မှည့်သော ဝတ်မှုံအိပ် anthers များပေါက်ကွဲခဲ့လျှင် ထိပ်ပေါက် apical pore နဲ့ ဝတ်မှုံများပြန့်လွင့် စေခြင်းဖြစ်ပါတယ်၊ အမအင်္ဂါ Pistil မှာ ကာပယ် တခုသာပါရှိပါတယ်၊ အစေ့အိမ်အခြေမှာ gynophore ပါရှိခြင်းကထူးခြားပါတယ်၊ အသီးကတော့ pod အမျိုးအစားဖြစ်ကာ အစေ့ ၃၀ ခန့် ပါရှိပါတယ်၊
မယ်ဇလီပင်တွေဟာ တိုင်းရင်းဆေးမှာလည်းထင်ရှားလှပါတယ်၊
အသုံးပြုသည့်အစိတ်အပိုင်းမှာ ပဉ္စငါးပါးလုံးအသုံးပြုနိုင်သည်။

အာနိသင်
မဲဇလီပင်၏အရွက်မှာ အေးခါး အရသာရှိ၏။ အနည်းငယ်ခါးသက်သက်အရသာရှိပြီး ဖန်သောအရသာရှိ၏။ ဝမ်းမီးကိုတောက်စေပြီး အစာကိုကြေစေသည်။
သလိပ်ကိုနိုင်၏။ အပူကိုငြိမ်းစေ၏။ အိပ်ပျော်စေ၏။ မီးယပ်ကွက်ကိုပျောက်စေတတ်၏။
အသုံးပြုပုံ
မဲဇလီပွင့်ကိုပြုတ်၍သောက်ပေးပါက လည်ချောင်းနာ၊ ချောင်းဆိုး၊ ရင်ကျပ်များကို
သက်သာစေပါသည်။ မဲဇလီရွက်နှင့်မုရားကြီးရွက်ဆတူရောပြီး သုံးခွက်တစ်ခွက်ကျို၍ငုံပေးခြင်း၊ အနည်းငယ်သောက်ပေးခြင်းဖြင့် ချောင်းဆိုးသွေးပါခြင်း၊ ချောင်းခြောက်ဆိုးခြင်းကို သက်သာစေပါသည်။
မဲဇလီအဖူးကိုသုပ်စားခြင်းဖြင့် သမ်းဝေပြီးအိပ်မပျော်သော ရောဂါကို အိပ်ပျော်စေပါသည်။ ပါးစပ်အတွင်းအပူနာထွက်ခြင်း၊သွားဖုံးနှင့်ပက်သက်သော ရောဂါအမျိုးမျိုးဖြစ်လျှင် အပွင့်၊အရွက်တို့ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက်သာပျောက်ကင်း စေပါသည်။
မဲဇလီမြစ်ကိုသွေး၍မျက်စိကွင်း၊မျက်စဉ်းခတ်ခြင်း ပြုလုပ်ပါက မျက်စိနာကို ပျောက်ကင်းစေပါသည်။ ကနခိုစား၍ ဝမ်းသွားလွန်ကဲသော်မဲဇလီမြစ်ကို
ထန်းလျက်နှင့်ပြုတ်၍ တိုက်နိုင်ပါသည်။
အမျိုးသမီးများမီးယပ်ကွက်များထွက်ပါက မဲဇလီပွင့်(သို့မဟုတ်)အရွက်ကို ညက်အောင်အမှုန့်ပြုပြီးလိမ်းပေး ပါက သက်သာပျောက်ကင်းစေသည်။
မဲဇလီအရွက်ပြုတ်ရည်(သို့မဟုတ်)အရွက်အမှုန့်ပြု၍ ပျားရည်နှင့်တေစားပါက သွေးသားသန့်စင်ပြီး အားအင်ပြည့်ဖြိုးစေသည်။ အဆိပ်ရှိသော သတ္တဝါများ(ကင်း၊ပုရွက်ဆိတ်အနီများ) ကိုက်ပါက အရွက်ကိုကြိတ်၍ အုံပေးလျှင်အဆိပ်ပြေစေသည်။ မဲဇလီရွက်ကိုသံပုရာရည်နှင့်ကြိတ်၍နှင်းခူနာပေါ်တွင်
အုံပေးခြင်း၊ပြုတ်ရည်ဖြင့်ဖန်ဆေးခြင်း ပြုလုပ်ပေးပါက
နှင်းခူအစိုနာကို သက်သာ ပျောက်ကင်းစေပါသည်။
ကဲ...မိတ်ဆွေတို့ လည်း လပြည့်ညမှာ မဲဇလီဖူးသုပ် စားကြပါစို့လား..
Medicinal Plants of Myanmar-(FREDA)
Dr.Kyaw Soe and Daw Tin Myo Ngwe
လက်တွေ့အသုံးချဆေးဖက်အပင်များပေါင်းချုပ်
(ကျန်းမာရေးဝန်ကြီးဌာန)