ငါးအမျိုးမျိုး၏အစွမ်းထက်သောအာနိသင်များ




ငါးအမျိုးမျိုး၏အစွမ်းထက်သောအာနိသင်များ
(အစာလဲဆေး ဆေးလဲအစာ)



ငါးမြွေတိုး - ကြေလွယ် ကျက်လွယ်၏။ လေသည်းခြေကိုနိုင်၏။ သလိပ်ကို ပျက်စေသည်။ အကြောနှင့် သင့်မြတ်လှ၏။

ငါးဘတ် - အားကုန်ခန်းသော အနာကိုနိုင်၏။ သလိပ်နှင့် သုက်ကို ပွားစေပြီး နှုတ်ကိုမြိန်စေတတ်သည်။ အရသာမှာချို၏ ။ ဆိမ့်သော အရသာရှိပြီး အနည်းငယ်ဖန်၏။

ငါးလင်ပန်း - လူကိုဝစေပြီး သုက်ကိုအားရှိစေတက်သည့်အပြင် သလိပ် ကိုပွားစေသည်။ ခံတွင်းပျက် ခြင်းနှင့် လည်ချောင်းနာများနှင့်သင့်၏။

ငါးပြက် - ဖန်သော အရသာရှိပြီး ၀မ်းကိုခိုင်စေ၏။ အစာမကြေသော အနာ၊ ရင်နာ၊ဘေးထိုး၊ ရင်ကျပ်နာများကိုနိုင်၏။

ငါးသလဲထိုး - လေသည်းခြေကိုနိုင်ပြီး၊ သလိပ်ကို ပွားစေတတ်သည့် အပြင်အကြောနှင့် ဆိုင်သော အနာများကိုနိုင်၏။ အစာကို ကြေလွယ်၏။

ငါးရှား - မြင်းသရိုက်နာ၊ ကြက်ညှာ၊ သလိပ်နာနှင့် ၀မ်းထဲ၌ အလုံးနာကိုနိုင်၏။

ငါးနက်ပြာ - ကြေလွယ်၊ ကျက်လွယ်ပြီး သုက်ကိုပွားစေသည့် အပြင် သွေးပါသော အနာတို့၌ လည်းကောင်းနိုင်၏။ သွေးကို ဆန်တက်စေတတ်၏။

ငါးသလောက် - သွေးဆန်တက်ပြီး၊ သွေး၊ နား၊ မျက်စိတို့နှင့်မသင့်။ သလိပ်၊ သည်းခြေကို ပျက်စေသည့် အပြင် နှုတ်ကိုလည်း မြိန်စေသည်။ (ချို၍ ဆိမ့်သော အရသာရှိပြီး တက်၏။)

ငါးဆုံ - ကိုယ်ဖောခြင်း၊ ကိုယ်ရောင်ခြင်းနှင့် ၀မ်းကိုတောက်ခြင်း တို့ကို ငြိမ်စေတတ်သည်။

ငါးငိုက်သား - အိပ်ပျော်ခြင်းကို အားပေး၍ အစာကို ကြေစေသည်။

ငါးတန် - သလိပ်သည်းခြေနိုင်၏။

ငါးနုသန်း - အေး၏။ ချိုသော အရသာရှိပြီး ဆိမ့်၍ခါးသည်။ နှုတ်ကို မြိန်စေပြီး လေ၊ သလိပ်၊ သည်းခြေကိုနိုင်၏။ ၀မ်းတောက်ခြင်းကိုပြု၏။

ငါးရှဥ့် - သည်းခြေနာကိုနိုင်၏။ ၀မ်းမီးတောက်ခြင်းကိုပြု၍ ပိုးနာကို ပျောက်ကင်းစေနိုင်သည်။

ငါးပြေမ - အစာကြေခြင်းနှင့် ၀မ်းမီးတောက်ခြင်းကိုပြု၍ သည်းခြေကို နိုင်၏။

ငါးရံ့ - ဒေါသသုံးပါးကိုနိုင်၏။ နှုတ်ကိုမြိန်စေ၏။ ၀မ်းမီးတောက်စေတတ်သည့်အပြင် ကြေလွယ် ကျက်လွယ်၏။ (ချိုဆိမ့်သော အရသာရှိပြီး အနည်းငယ်ဖန်၏။

ငါးဖယ် - ချိုသော အရသာရှိပြီး၊ ဆိမ့်၏။ အားနှင့်တကွ သုက်ကိုပွားစေသည့် အပြင် ကြေခဲကျက်ခဲ၏။ အညောင်းကိုနိုင်၏။

ငါးခူ - လေကိုလည်း နိုင်သည်။ ရင်ကို ပူစေတတ်ပြီး သုက်လွန်ခြင်းကိုလည်း နိုင်၏။

ငါးကျည်း - လူကို ၀စေတတ်သည်။ ဆူလည်းဆူ၏။ ကိုယ်ခန္ဓာတစ်ခုလုံးကို ပံျ့နှံ့စေပြီး သုက်ကို ပွားစေသည့်အပြင် သလိပ်ကို ပျက်စေသည်။

ငါးစင်ရိုင်း - သည်းခြေနှင့် သလိပ်ကိုနိုင်၏။ ၀မ်းသွားခြင်းနှင့် အိပ်ခြင်းကို ဖြစ်စေတတ်ပြီး အဆိပ်ကို ကာကွယ်နိုင်သည်။

ငါးခုံးမသား - ဆိမ့်သော အရသာရှိပြီး၊ အနည်းငယ်ဆပ်၏။ ချောင်းဆိုးနှင့် လည်ချောင်း၊ ခံတွင်း ပျက်ခြင်း တို့အပြင် လေနာ၊ သလိပ်နာကိုနိုင်၏။ ၀မ်းသွားခြင်းကို ဖြစ်စေတတ်သည်။ အဆိပ်ကို ပျောက်တတ်သည်။

ငါးမြင်းသား - ၀မ်းသွားခြင်း၊ အိပ်ခြင်းကို ဖြစ်စေတတ်ပြီး သည်းခြေကို နိုင်သည်။ သလိပ်ကို ပါးစေပြီး အားကုန်ခန်းသော အနာကို ပျောက်စေသည်။ အဆိပ်ကို ပယ်ဖျောက်နိုင်ပြီး ချိုသော အရသာရှိသည်။

ငါးကြင်းသား - လေသလိပ်ကို နိုင်သည်။ သည်းခြေကို အနည်းငယ် ပျက်စေတတ်ပြီး သုက်ကို ပွားစေ တတ်သည်။ အရသာမှာ ချိုဆိမ့်သော အရသာရှိပြီး ဖန်၏။

ငါးမန်းစွယ် - ဒူလာ၊ သရောရိနာ၊ ပယောဂနာတို့ကို နိုင်၏။

ငါးရံ့ပတူမြစ် - နံနှစ်ဖက်၌ ထိုးကျင်သောအနာ၊ လေနာများနှင့် ချောင်းဆိုးနာ အပြင် သွေးကိုကြေစေ၏။ ပူသောဓာတ်ရှိသဖြင့် လျင်မြန်စွာ ပျောက်ကင်းစေသည်။

ငါးရံ့ပတူရွက် - အသားမာပေါက်ခြင်း၊ တေဇောဓာတ်ကြောင့် ဖြစ်သော အပူနာ၊ အောက်သို့သက် သောလေ၊ အထက်သို့ ဆန်သော လေနာ၊ မီးယပ်၌ အဆိပ်နှင့် တူသော သွေးကို ဖြစ်စေတတ်သည်။

ကျန်းမာချမ်းသာကြပါစေ။